တာချီလိတ်မြို့ အောင်မင်္ဂလာတောရ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌ လူငယ်ရေးရာဟောပြောပွဲပြုလုပ်

တာချီလိတ် သြဂုတ် ၇

ကျောင်းနေအရွယ်လူငယ်များအသိပညာဗဟုသုတများ ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လည် (၁) နာရီအချိန်က တာချီလိတ်မြို့၊ အောင်မင်္ဂလာတောရ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်မှ ယနေ့ခေတ်တွင် အွန်လိုင်းလိမ်လည်မူများကြောင့် စီးပွားရေး လူမှုရေးကိစ္စရပ်များထိခိုက်နစ်နာမှုများဖြစ်ပေါ်နေခြင်းအား ကြိုတင်ကာကွယ်နိုင်ရန်  ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ သဘောတရားများသိရှိနားလည်ရန်လိုအပ်ကြောင်း အသိပညာပေးမှတ်တမ်းဗီဒီယိုနှင့်တကွရှင်းလင်းပြောကြားခဲ့ပြီး၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူငယ်ရေးရာဗဟုသုတများ ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးဝင်းသူမှ အမှိုက်စွန့်ပစ်နည်းအကြောင်းသိကောင်းစရာများရှင်းလင်းပြောကြား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပြီး၊ ရာသီဥတုပြောင်းလဲမှုကို လျော့ချနိုင်မည့်နည်းလမ်းများအား ဒုတိယဦးစီးမှုး ဒေါ်မာမာအောင်တို့မှ အသီးသီးအသိပညာပေးဟောပြောခဲ့ကြသည်။

အဆိုပါ အောင်မင်္ဂလာတောရလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသည် ကျောင်းထိုင်ဆရာတော်ကြီးနှင့် တပည့်သံဃာတော်များ၏ အနီးကပ်ကြီးကြပ်သြဝါဒခံယူမှုဖြင့် ကျောင်းသား/ကျောင်းသူ လူငယ် ၁၆၀ ကျော်အား ဆရာ/ဆရာမ ၆ ဦးမှ ပညာသင်ကြားပေးလျက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်လည်း အသိအမှတ်ပြုထားသည့် (တတိယ)အဆင့်ပရဟိတဂေဟာဖြစ်ကာ ပညာရေး၊ ကျန်းမာရေး၊ လူမူရေးအတွက် နှစ်စဥ်ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အေးအေးလတ်