ကျောက်ပန်းတောင်း ဩဂုတ် ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှုအေရိုးဗစ် (အခြေခံနှင့်အဆင့်မြင့်) သင်တန်းဆင်းပွဲကို ဩဂုတ်၆ရက် မွန်းလွဲ၁နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမတွင် ကျင်းပသည်။
အဆိုပါ သင်တန်းများကို ခရိုင်ပေါင်းစုံ ကိုယ်ကာယ ကြံ့ခိုင်မှုအေရိုးဗစ် ပြိုင်ပွဲများတွင်၊ ခရိုင်ကိုယ်စားပြု အဆင့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်နှင့် အခြေခံပညာကျောင်းများတွင် အေရိုးဗစ် အားကစားနည်း ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ဖွင့် လှစ်ခြင်း ဖြစ်ကြောင်းသိရပြီး အခမ်းအနားတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဒေါ်ညိုညိုထွေးက ဂုဏ်ပြုအမှာစကားပြောကြားပြီး၊ မြို့နယ်ဦးစီးအရာရှိ ဦးအောင်ကိုကိုလတ်က သင်တန်းကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ခရိုင်ဦးစီးမှူးက သင်တန်းနည်းပြဆရာမကို ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းလက်မှတ်များကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းက ပေးအပ်ရာ အခြေခံအဆင့်နှင့် အဆင့်မြင့်အဆင့် သင်တန်းသူကိုယ်စားလှယ်များက လက်ခံယူကြသည်။ ယင်းနောက် သင်တန်းသူများက အဖွဲ့အလိုက် သရုပ်ပြသည်။
အဆိုပါသင်တန်းကို အမှတ်(၁)အ.ထ.က၊ အမှတ်(၂)အ.ထ.က၊ မြို့ရှေ့အ.ထ.ကနှင့် လေးရွာအ.ထ.ကတို့မှ ကျောင်းသူများက အခြေခံတွင် သင်တန်းသူ၂၉ဦး၊ အဆင့်မြင့်တွင် သင်တန်းသူ၃၀ စုစုပေါင်း၅၉ဦးဖြင့် ဇူလိုင် ၁၆ ရက်မှ ဩဂုတ် ၆ ရက်အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သင်တန်းဆင်းပွဲသို့ အားကစား နှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)