နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း မိုးစပါး၊ မိုးချည်မျှင်ရှည်ဝါ စိုက်ပျိုးထားရှိမှုနှင့် ဝါးစိုက်ပျိုးရေးပျိုးပင်များပေးအပ်ခြင်းနှင့် သီးနှံဈေးကွက်ရရှိရေး ကွင်းဆင်းဆောင်ရွက်

တပ်ကုန်း ဩဂုတ် ၇

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထွန်း၊ တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းထွဋ်အောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မိုးစပါး၊ မိုးချည်မျှင်ဝါ စိုက်ပျိုးထားရှိမှုနှင့် ဝါးစိုက်ပျိုးရေးအတွက် ပျိုးပင်များပေးအပ်ခြင်းနှင့် သီးနှံဈေးကွက်ရရှိရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ကျားသေအိုင်ကျေးရွာ၊ ကွင်း အမှတ်(၁၄၀၇)၊ မိုးစပါးဆင်းသုခစိုက်ခင်း၊ ဒဟတ်ကုန်းကျေးရွာ၊ ကွင်းအမှတ်၂၀၂၅၊ မိုးချည်မျှင် ရှည်ဝါစိုက်ခင်းများ စိုက်ပျိုးထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေးကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်းက မိုးစပါးနှင့်မိုးချည်မှဉ်ရှည်ဝါစိုက်ပျိုးမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်က တောင်သူများအနေဖြင့် မိမိလယ်ယာမြေများကို တန်ဖိုးထားလုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း၊ ထွက်ရှိလာသည့်သီးနှံကုန်ကြမ်းများမှ ကုန်ချောအဖြရောင်းချနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းလမ်းမျာနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ ကြဲပက်စနစ်ပပျောက်အောင် ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးနိုင်ရေး၊ သီးနှံများသတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေး၊ ဆည်ရေများအကျိုးရှိရှိသုံးစွဲရေး ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ မကျီးပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာသို့ရောက်ရှိ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသည့် လေးလက်မစက်ရေတွင်း ရေထွက်နှုန်းများကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မိသားစုဝင်ငွေတိုးပွားရေး ဝါးစိုက်ပျိုးနိုင်ရေး ဆွေးနွေးပြောကြားခဲ့ရာ ဘမ်ဘူးဝါးကုန်ထုတ် သမဝါယမအသင်းလီမိတက်မှ ဝါးစိုက်ပျိုးရေးပညာရှင် ဦးကျော်ဝင်းက ဝါးစိုက်ပျိုးရေးအဆင့်ဆင့်၊ အသုံးဝင်ပုံများ၊ မိသားစု ဝင်ငွေရရှိရေးအကြောင်းရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်နှင့် ဦးကျော်ဝင်းတို့က တက်ရောက်လာသည့် ဒေသခံပြည်သူများအား ဝါးပျိုးပင်များ ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ တပ်ကုန်းကုန်စည်ဒိုင်ရုံးသို့ရောက်ရှိ၍ မြို့နယ်ကုန်စည်ဒိုင်အသင်းဝင်များ၊ မြို့နယ် MSME အသင်းဝင်များနှင့်တွေ့ဆုံကာလုပ်ငန်းရှင်များ သီးနှံများပျက်စီးမှုနှင့်အလေအလွင့်မဖြစ်ပေါ်စေရေးအတွက် အခြောက်ခံစက်ဝယ်ယူနိုင်ရေး၊ အရင်းအနှီးများထည့်သွင်းဆောင်ရွက်နိုင်ရေးအတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ချေးငွေများထုတ်ချေးနိုင်ရေး၊ နွေ၊ မိုး၊ ဆောင်း သီးနှံဈေးကွက်ထိန်းညှိနိုင်ရေး၊ သီးနှံများဈေးကစားမှုနှင့် ဈေးကွက်အနှိမ်ခံရမှုမဖြစ်ပေါ်စေရေးရှင်းလင်းမှာကြားခဲ့ပြီးနောက် “ကျော်ပြည့်စုံ” သီးနှံရောင်းဝယ်ရေးလုပ်ငန်းတွင် စပါးတင်း ၅၀၀ ဆံ့ အခြောက်ခံစက်ဖြင့် လည်ပတ်ဆောင်ရွက်မှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်