ညောင်ရွှေမြို့နယ်အတွင်း ရာဂီမုန်တိုင်းနှင့်ဆက်စပ်သည့် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံများအတွက် ထောက်ပံ့ငွေများပေးအပ်

ညောင်ရွှေ ဩဂုတ် ၇

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း ပြီးခဲ့သည့်နှစ်ကဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်သည့် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ အနောက်တောင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲသည်။

အခမ်းအနားတွင် ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်က ရာဂီမုန်တိုင်းနှင့်ဆက်စပ်သည့် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မိုင်းသောက်ကျေးရွာအုပ်စု အစေ့ထုတ်ပြောင်းသီးနှံ ဧက(၁၀၀)အတွက် ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)ကို ပေးအပ်ရာဒေသခံ စိုက်ပျိုးရေးတောင်သူများကိုယ်စား ကိုယ်စားလှယ်နှစ်ဦးက လက်ခံရယူခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းက သလဲဦး ကျေးရွာအုပ်စုအစေ့ထုတ်ပြောင်းသီးနှံ (၇၅)ဧကအတွက် ထောက်ပံ့ငွေကျပ်(၇၅)သိန်းကို ပေးအပ်ရာ ဒေသခံစိုက်ပျိုးရေးတောင်သူများကိုယ်စား ကိုယ်စားလှယ်နှစ်ဦးက လက်ခံရယူခဲ့သည်။

စိုင်းအယ်ဘဲ