တောင်ကြီး သြဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံစယ်စိုးက နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်း စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်မည့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်သန်းသန်းညွန့်နှင့် ပါဝင်ဆွေးနွေးကြမည့်သူများက တစ်ဦးချင်းမိတ်ဆက်ပြီး လူငယ်စကားဝိုင်းကိုစတင်ရာ Grade-11 (A)မှ မောင်စိုင်းဘုန်းမြတ်မင်းက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြစ်လည်းကောင်း၊ Grade-10(A)မှ မောင်စိုင်း အောင်နိုင်လင်းဦးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြစ်လည်းကောင်း၊ Grade-10(B)မှ မဇင်ရွှေထက်က လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြစ်လည်းကောင်း၊ Grade-11(A) မောင်မင်းသီဟအောင်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြစ်လည်းကောင်း၊ Grade-10(B)မှ မသွယ်သဇင်က လူငယ်နှင့်ကလေးအလုပ်သမားခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးကြသည်။
ယင်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသူကျောင်းသား လူငယ်များက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)