ပင်လုံတက္ကသိုလ် အထူးပြုဘာသာရပ်‌ ပေါင်းစုံကာယအလှမယ်ပြိုင်ပွဲကျင်းပ

ပင်လုံ ဩဂုတ် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပင်လုံတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ ကာယအလှမယ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ဘက်စုံခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ပင်လုံတက္ကသိုလ် အနုပညာဌာန ကျောင်းသား/သူလေးမျာမှ အလှပန်းများ ပွင့်ဝေပင်လုံတက္ကသိုလ်မြေ သီချင်းသီဆိုဖျော်ဖြေပြီးနောက် ထာဝရမြန်မာသီချင်းဖြင့် သရုပ်ဖော်ကပြပြီး ဖွင့်လှစ်ပေးပါသည်။ ယင်းနောက် ပင်လုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီလာမြင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကာယအလှမယ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ စီးပွားရေးပညာပါမောက္ခဌာနမှူး ဒေါက်တာရန်ရန်မျိုးနိုင်က ပြိုင်ပွဲစည်းကမ်းချက်များကိုလည်းကောင်း၊ အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ပေးမည့်သူများနှင့် မိတ်ဆက်ပေးပြီး ကာယအလှမယ်ပြိုင်ပွဲကို ကျင်းပပါသည်။ ပြိုင်ပွဲအပြီးတွင် နှစ်သိမ့်ဆုရရှိသူများ၊ Popular award ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသည့် ကာယအလှမယ်များကို ပင်လုံတက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးကြသည်။

အဆိုပါ ပင်လုံတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ ကာယအလှမယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၄ ဦးရှိပြီး အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ ဖိတ်ကြားထားသော ဧည့်သည်များ ကျောင်းသား/သူများ တက်ရောက်ကြသည်။

မြို့နယ် (ပြန်/ဆက်)