မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးသစ် ဖွင့်ပွဲ တက်ရောက်

ချမ်အေးသာစံ ဩဂုတ် ၆

မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးသစ် ဖွင့်ပွဲအခမ်း အနားကို ဩဂုတ်၅ရက်ညနေပိုင်းက ချမ်းမြသာစည်မြို့နယ် ၁၀၂(A)လမ်း၊ ၆၄လမ်း နှင့် ၆၅လမ်းကြားရှိ အဆိုပါ ရုံးသစ်တွင် ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊       တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် ဇနီး၊ မန္တလေးမြို့ အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် H.E. Mr.Sundeep Kaushal ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး နှင့် မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးတို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့်တာဝန်ရှိသူများက   ဆီမီးထွန်းညှိ၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ဆက်လက်၍ မန္တလေးမြို့အခြေစိုက်အိန္ဒိယကောင်စစ်ဝန်ချုပ် H.E. Mr.Sundeep Kaushal က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရုံးဖွင့်ပွဲအထိမ်းအမှတ် မုဒိတာစကားပြောကြားကာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက H.E. Mr. Abhay Thakur က အမှာစကားပြောကြားခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မန္တလေးမြို့ အခြေစိုက်အိန္ဒိယကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ဆိုင်းဘုတ်အားအမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီးနောက် မဟတ္တမဂန္ဒီ ရုပ်တုအား ပန်းများဖြင့် ဂါရဝပြုပြီး  ရုံးသစ်အတွင်း လှည့်လည် ကြည့်ရှုခဲ့ ကြကြောင်း သိရသည်။

ထွန်းထွန်းနိုင်