မိုင်းပျဉ်း အ.ထ.က ကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ ကျောင်းကောင်စီဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

မိုင်းပျဉ်း ဩဂုတ် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ ကျောင်းကောင်စီဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ ၅နာရီက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အ.ထ.က ကျောင်း၏ မိုးရာသီကျောင်းကောင်စီ ဘောလုံးအားကစားပြိုင်ပွဲတွင် U-18 (ကျား) ကျန်စစ်သားအသင်းနှင့် ဗန္ဓုလအသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ အားကစားသမားများကွင်းအတွင်းသို့ နေရာယူ၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ ဆုများကိုချီးမြှင့်ရာ U-18(ကျား)တွင် ပထမဆုရရှိသော ကျန်စစ်သားအသင်းနှင့် ဒုတိယဆုရရှိသော ဗန္ဓုအသင်းတို့အား စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ပြည်သူလတ်နှင့် တပ်နယ်မှအရာရှိများကလည်းကောင်း၊ U-13(ကျား)တွင် ပထမဆုရရှိသော ဘုရင့်နောင်အသင်းနှင့် ဒုတိယဆုရရှိသော ကျန်စစ်သားအသင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့် ဌာနဆိုင်ရာအရာရှိများကလည်းကောင်း၊ U-18(မ)တွင် ပထမဆုရရှိသော ကျန်စစ်သားအသင်းနှင့် ဒုတိယဆုရရှိသော ဘုရင့်နောင်အသင်းအား မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနကျောင်းအုပ်ကြီးများကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိကြသော ဘောလုံးအသင်းများအား ကျောင်းအကျိုးတော်ဆောင်အဖွဲ့များကလည်းကောင်း ဆုတံဆိပ်များ၊ ဆုငွေများနှင့် ဆွဲပြားများကို အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါ အခြေခံပညာအထက်တန်းကျောင်း၏ မိုးရာသီကျောင်းကောင်စီ ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ စစ်ဗျူဟာမှူးနှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအရာရှိများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ အထကကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား‌၊ ကျောင်းသူများ၊ ဘောလုံးအားကစားအသင်းများနှင့် ကျောင်းအကျိုးတော်ဆောင်များ စုံလင်စွာ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်ဆက်)