မိုင်းကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

မိုင်းကိုင် ဩဂုတ် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်က အ.ထ.က(မိုင်းကိုင်)၊ မြတ်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းခင်ထွေးရီတို့က အမှာစကားပြောကြားပြီးနောက်  အ.ထ.က (မိုင်းကိုင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မြင့်သန်းက ကျောင်း၏ပညာရေးဆောင်ရွက်ချက် အခြေအနေများကို ဆွေးနွေးတင်ပြကာ ၂၀၂၅ ခုနှစ်အတွင်း အ.ထ.က(မိုင်းကိုင်)စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ  ၁၃ ဦးတို့ကို  ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း Grade-12 အတန်းတွင် သင်ကြားပို့ချပေးခဲ့ကြသည့် ဘာသာပြ ဆရာ၊ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများကို လည်းကောင်း တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အ.ထ.က(မိုင်းကိုင်)စာစစ်ဌာနတွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၂၃ ဦးရှိသည့်အနက် ဖြေဆိုအောင်မြင်သူ ၁၃ ဦး၊ အောင်မြင်မှုရာခိုင်နှုန်း ၅၆.၅၂ ရှိကြောင်း သိရသည်။

ချော(မိုင်းကိုင်)