တောင်ကြီး ဩဂုတ် ၆
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကြီးမှူးပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နောင်တောင်းကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် စိတ်ဓာတ်ခွန်အားမြှင့်ပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပသည်။
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းသည် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယကဒေါ်မြတ်ခင်မော်၊ အဖွဲ့ဝင်များနှင့်အတူ ဟိုပုံးမြို့နယ်၊ နောင်တောင်းကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ရောက်ရှိပြီး ဆရာတော်အားဖူးမြှော်ကြည်ညို၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ လှူဒါန်းငွေ ကျပ်သိန်း(၄၀)၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ လှူဒါန်းငွေကျပ်(၁၀)သိန်း၊ ဆပ်ပြာမှုန့်အထုပ် ကြီး (၅) ထုပ်၊ ကျောင်သား၊ ကျောင်းသူများအတွက် ဗလာစာအုပ်ဒါဇင်(၂၀၀)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အမျိုးသမီးရေးရာအဖွဲ့မှ လှူဒါန်းငွေကျပ်သိန်း(၂၀) တို့ကို ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နာယကနှင့် အဖွဲ့ဝင်များသည် ဟိုပုံးမြို့နယ်၊ နောင်တောင်းကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာတော်(၁၉)ပါး၊ သာမဏေ(၅၇၂) ပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကျောင်းသား၊ ကျောင်းသူ (၁၇၀၀)ဦးတို့အား နေ့လယ်စာကျွေးမွေးခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယကနှင့်အဖွဲ့သည် ဟိုပုံးပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများက နောင်တောင်းကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ ဆိုရှယ်မီဒီယာအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကောင်းကျိုး၊ ဆိုးကျိုး၊ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဟောပြောဆွေးနွေးကာ အနုပညာရှင်များက ကျောင်းသား၊ ကျောင်းသူများအား တေးဂီတများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)