ပင်းတယ ဩဂုတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဇူလိုင်လ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး စိုက်ပျိုးမြေများနှင့် လမ်းတံတားများ ပျက်စီးမှုများရှိခဲ့ရာ ရေကြီး နှစ်မြုပ်ခဲ့သည့် စိုက်ပျိုးမြေများနှင့် လမ်းတံတားများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေမှုကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းသည် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သိမ်ကုန်းကျေးရွာ ရေနွေးချောင်းအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ၎င်းပတ်ဝန်းကျင်ရှိ ရေနှစ်မြုပ်သွားသည့် စိုက်ပျိုးမြေများ ပြန်လည်ဖော်ဆောင်နေမှုနှင့် စိုက်ပျိုးရေရှိရန် သွယ်တန်းထားသည့် ရေနှုတ်မြောင်းများ ပြန်လည်တူးဖော်ခြင်း လုပ်ငန်းများကိုကြည့်ရှုပြီး သိမ်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းအတွင်းရှိ ယာယီရေဘေးရှောင် ပြည်သူများအတွက် သောက်သုံးရေများအား ဒေသစက်ယန္တရားများဖြင့် ရေလှောင်ကန်များထဲသို့ ရေများ ဖြည့်သွင်းပေးနေမှုကို ကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပင်းတယ-ရပ်စောက်လမ်းမပေါ်ရှိ မိုင်းအင်တံတား (ယာယီ သံဘောင်ဘေလီတံတား) ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပေးခဲ့ကြောင်းနှင့် အဆိုပါတံတားမှာ ခွင့်ပြုတန်ချိန် ယာဉ်+ကုန် ၁၆ တန်အထိသာ ဖြတ်သန်းသွား လာခွင့်ပြုပေးထားကြောင်းသိရသည်။ ယင်းနောက် ရွှေပုထိုးမြောက်နှင့်-ညောင်ဝန်း-ညောင်ကောက်-ဖနံ-သိမ်ကုန်း-တပ်ကြီး-ကံလှကုန်း ကျေးရွာ ချင်းဆက်တံတားဖြစ်သည့် ဂုတ်ကြီးတံတား ချဉ်းကပ်လမ်း ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုပြီး ပန်ပိန်းဆည်အနီး ပန်ပိန်းတံတားပျက်စီးမှု အခြေအနေနှင့် ပန်ပိန်းဆည်တို့ကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)