တောင်ကြီး သြဂုတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၅-၂၀၂၆)ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနှင့် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းအခု(၃၀၀)ကို ခွင့်ပြုပေး၍ လျာထားပြီး၊ ယခုအစည်းအဝေးမှာ (၇၃)ဦး စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့အထိ ရှမ်းပြည်နယ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၁၈၃၆)ခုကို မှတ်ပုံတင်ခွင့်ပြုထားပေးပြီး ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအမှတ်စဉ် (၂/ ၂၀၂၅-၂၀၂၆)အစည်းအဝေးတွင် လုပ်ငန်းအသစ်လျှောက်ထားလာသည့် စားသောက်ကုန်လုပ်ငန်း (၄၃)ခု၊ လူသုံးကုန်လုပ်ငန်း(၄)ခု၊ အဝတ်အထည်လုပ်ငန်း(၁)ခု၊ နေထိုင်ရေးလုပ်ငန်း(၁)ခု၊ ကုန်ကြမ်း(၁)ခု၊ စက်မှုအလုပ်ရုံ(၂)ခု၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း(၄)ခုနှင့် အထွေထွေလုပ်ငန်း(၁၇)ခု၊ စုစုပေါင်း(၇၃)ခုကို ဥပဒေနှင့်အညီ စနစ်တကျခွင့်ပြုပေးနိုင်ဖို့ ဝိုင်းဝန်းဆွေးနွေးကြရန်ဖြစ်ပါကြောင်း မြင်းကောင်ရေ(၅)ကောင်အားနှင့် အောက်ရှိပြီး အလုပ်သမား(၉)ဦးထက်ပိုသည့် စက်မှုလုပ်ငန်းနှင့် အလုပ်သမား(၃)ဦးနှင့်အထက်ရှိသည့် လက်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ လုပ်ငန်းလုပ်ကိုင် ခွင့်ရရှိစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြု ဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက လုပ်ငန်းမှတ်ပုံတင်များထုတ်ပေးမှုနှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးနှင့် ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးကြပြီး လုပ်ငန်းမှတ်ပုံတင်များကို ဥပဒေနှင့်အညီ စိစစ်ထုတ်ပေးခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)