ကလော ဩဂုတ် ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာ တောင်သူ ဦးဇင်မြင့်ဇော်၏ လယ်မြေ(၅)ဧကတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အောင်ပန်းမြို့အမှတ်(၆၅) စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးဌာနမှူး ဦးဘဝင်းက ခြောက်တန်းသွားကောက်စိုက်စက်နှင့် စပါးစိုက်ပျိုးခြင်းဖြင့် လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးမှုပြသာနာများ လျော့ချနိုင်မှု၊ အချိန်ကုန်သက်သာပြီးစီးမှု မြန်ဆန်သောကြောင့် ရာသီအချိန်မှီ စိုက်ပျိုးပြီးစီးမှု၊ မျိုးစပါးကုန်ကျမှုလျော့နည်းခြင်းနှင့် စိုက်ပျိုးစရိတ်သက်သာခြင်း၊ စိုက်ပျိုးနည်းစနစ်မှန်ကန်မှုကြောင့် အထွက်နှုန်းပိုမိုတိုးတက်၍ ဝင်ငွေများ တိုးတက်စေရန်နှင့် တောင်သူများ လက်တွေ့ကျကျ သိရှိနားလည်ပြီး ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းအား တွင်ကျယ်စွာအသုံးပြုနိုင်ရန် ရည်ရွယ်၍ ယခုလိုသရုပ်ပြပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများအား အသိပညာပေးပြောကြားခဲ့ပြီး ခြောက်တန်းသွားကောက် စိုက်စက်ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးခြင်းကိုသရုပ်ပြသခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံတောင်သူများက စိတ်ပါဝင်စားစွာကြည့်ရူလေ့လာခဲ့ကြသည်။
အောင်ပန်းမြို့ စက်မှုလယ်ယာစခန်းအနေဖြင့် တောင်သူများလုပ်ငန်းအဆင်ပြေစေရေးအတွက် ဌာနနှုန်းထားဖြင့် တစ်ဧကလျှင် (၅၅၀၀၀)နှုန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် စိုက်ပျိုးမည်ဆိုပါက အောင်ပန်းမြို့စက်မှုလယ်ယာဦးစီးဌာနသို့ လာရောက်ဆက်သွယ်နိုင်ကြောင်း မြို့နယ်ဦးစီးဌာနမှူးထံမှ သိရသည်။
ကျော်ဝင်း(ကလော)