နေပြည်တော် ဩဂုတ် ၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် ဇဗ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု ကွင်းအမှတ်(၁၆၅၉)ရှိ တောင်သူဦးကျော်မြင့်ဦး၏လယ်တွင် ကျင်းပပြုလုပ်သည့် လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ တောင်သူပညာပေး သရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော် စိုက်ပျိုးရေးဦးစီးမှူးမှ ဇမ္ဗူသီရိမြို့နယ်အတွင်း သီးနှံများစိုက်ပျိုးထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ ကြဲပက်စနစ်ပပျောက်အောင် ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးစေရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ မိုး၊ ဆောင်း၊ နွေရာသီပြည့်သီးနှံများ စိုက်ပျိုးနိုင်ရေး၊ ပေါ်ဆန်းမွှေးနှင့် အောင်နိုင်တိုးစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆည်ရေများကို အကျိုးရှိရှိသုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြုဆောင်ရွက်ရေးနှင့် ဓာတ်မြေဩဇာများကို နိုင်ငံတော်မှသက်သာသောဈေးနှုန်းဖြင့် ဖြန့်ဝေပေးမည့် အခြေအနေများကို ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သွင်းအားစုများကိုလည်ကောင်း၊ နေပြည်တော်ကောင်စီဝင်များမှ အောင်နိုင်တိုးမျိုးစပါးများ၊ နေကြာနှင့် ပဲတီစိမ်းမျိုးများနှင့် မျိုးစေ့ချကိရိယာများအား တောင်သူများထံ ပေးအပ်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် အောင်နိုင်တိုးမျိုး မိုးစပါးများစိုက်ပျိုးနေမှု၊ ရေဆင်းပေါ်ဆန်းစပါးမျိုးများ ပျိုးထောင်ထားရှိမှုနှင့် နယူးဧရာ နွေစပါးများစိုက်ပျိုးထားရှိမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ ကူသပိတ်ကျေးရွာ ကွင်းအမှတ်(၁၈၀၆)ရှိ တောင်သူဦးတိုးနိုင်၏လယ်တွင် ပြုလုပ်သည့် တောင်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက လယ်ဝေးမြို့နယ်အတွင်း သီးနှံများစိုက်ပျိုးထားရှိမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများမှ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးမှ လက်ဆွဲမျိုးစေ့ချကိရိယာများနှင့် နေကြာ၊ ပဲတီစိမ်းမျိုးများအားလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များမှ အောင်နိုင်တိုးမျိုးစပါးများနှင့် သွင်းအားစုများကိုလည်းကောင်း တောင်သူများထံပေးအပ်ကြပြီး လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည့် အမှိုက်စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးနှင့် ပလပ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲအခမ်းအနားကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မြို့၊ ရွာသန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေးနှင့် အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေး၊ မိမိအမှိုက်ကို မိမိတာဝန်ယူစွန့်ပစ်သည့် အလေ့အထများဖြစ်အောင် ဆောင်ရွက်ရေး၊ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် အခြားနေရာများမှ ထွက်ရှိသည့်အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရန် စီမံဆောင်ရွက်ရေး၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလပ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိ အမှိုက်များကို သတ်မှတ်အမှိုက်ပုံးများအတွင်း ခွဲခြားစွန့်ပစ်နိုင်ရေးနှင့် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ မြေ၊ ရေ၊ လေ၊ သဘာဝပတ်ဝန်းကျင်များနှင့် ကျန်းမာရေးထိခိုက်မှုများ မဖြစ်ပွားစေရေးအတွက် ပလပ်စတစ်သုံးစွဲမှုများလျှော့ချနိုင်ရေး၊ ပလပ်စတစ်ထုတ်လုပ်သုံးစွဲမှု လျှော့ချနိုင်ရေးနှင့် အစားထိုးပစ္စည်းများဖြင့် ပြုလုပ်သုံးစွဲနိုင်ရေး၊ မိမိအိမ်ပတ်ဝန်းကျင်မှတစ်ဆင့် ရပ်ရွာ၊ မြို့များအားလုံး သန့်ရှင်းသာယာ လှပစေရေးအတွက် အမှိုက်စနစ်တကျစွန့်ပစ်ခြင်းနှင့် ပလပ်စတစ်သုံးစွဲမှုလျှော့ချရေးကို လုထုလှုပ်ရှားမှုအသွင်ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး ပြောကြားသည်။
ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းကို သရုပ်ပြသကြပြီး ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေး အသိပညာပေး ဗီဒီယိုဖိုင်အား ပြသခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့ ဖောင်တော်ချက်မ စေတီတော်မြတ်ကြီးသို့ သွားရောက်ပြီး ဘုရားဝင်းအတွင်းအပြင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ဘုရားဝင်းအတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စေတီတော်ကြီး ဘက်စုံပြန်လည်မွမ်းမံပြုပြင်နိုင်ရေးအတွက် အလှူငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် MSME လုပ်ငန်းများနှင့် စက်မှု၊ လက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာ တိုင်းပြည် GDP တိုးတက်ရေးအတွက် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးကြောင်း၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နှိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်စက်မှုလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်လည်ပတ်နိုင်ရေးနှင့် စက်မှုဇုံများ ဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း၊ စက်မှုလုပ်ငန်းများ ရေရှည်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် ကုန်ကြမ်းရရှိရေး၊ ကုန်ချောဈေးကွက်ရရှိရေး၊ ငွေကြေးအရင်းအနှီးရရှိရေး၊ လျှပ်စစ်ဓာတ်အား၊ နည်းပညာနှင့် လုပ်သားရရှိရေးများမှာလည်းအရေးကြီးကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်များကိုအခြေခံပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ သွင်းကုန်အစားထိုးစက်မှုလုပ်ငန်းများ၊ ပြည်ပတင်ပို့သည့် စက်မှုလုပ်ငန်းများ၊ အလားအလာရှိသော စက်မှုလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လည်ပတ်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)