ကျောက်ဆည်တက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တ‌ရာယ် အသိပညာပေး ဟောပြော

စဉ့်ကိုင် ဩဂုတ် ၅

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်နှင့် ကျောက်ဆည်ခရိုင် အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့တို့‌ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၅ရက် မွန်းလွဲ ၁ နာရီခွဲက တက္ကသိုလ်ရှိ THEATRE ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် မိုးကျော်စိုးက ယာဉ်မောင်းနှင်သူများ လိုက်နာရမည့် အချက်များ၊ မော်တော်ဆိုင်ကယ်စီးနှင်းသူများ လိုက်နာရမည့် အချက်များ၊ ယာဉ်တိုက်မှုဖြစ်လျှင်လိုက်နာရမည့် အချက်များ၊ လမ်းဖြတ်ကူးလျှင် လိုက်နာရမည့် အချက်များ၊ ရှောင်ရန်၊ဆောင်ရန်များ၊ ပြစ်မှု/ပြစ်ဒဏ်များနှင့် ဥပဒေပြဌာန်းချက်များ၊ ပုဒ်မများ စသည့် အကြောင်းအရာတို့ကို ဆွေးနွေးဟောပြောသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များအား ပြန်လည်ဆွေးနွေး မေးမြန်းခဲ့ရာ ရဲအုပ် မိုးကျော်စိုးက ပြန်လည်ရှင်းလင်း ဖြေကြားသည်။ ယင်းနောက် အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ "ယာဉ်အန္တရာယ်ကင်းရှင်းဖို့၊ ယာဉ်စည်းကမ်းလိုက်နာကြပါစို့" အသိပညာ‌ပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများထံ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကျော်စွာ (စဉ့်ကိုင်)