မဟာအောင်မြေ ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ်စီးပွားရေးပညာဌာန၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတက္ကသိုလ် သင်တန်းရေးရာ(ဌာနမှူး) ဦးဇော်လင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဥပဒေပညာဌာနပါမောက္ခ( ဌာနမှူး)ဒေါက်တာသီတာအောင်က ကျောင်းသား၊ ကျောင်းသူများ လောင်းကစားမှု လိမ်လည်မှုနှင့်အင်တာနက်အွန်လိုင်းအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန်ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (LMLECC) ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယို Clip(၁)နှင့်(၂)ကို ပြသခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းရာ ဥပဒေပညာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာသီတာအောင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မန္တလေးတက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာသီတာအောင် သင်တန်းရေးရာ(ဌာနမှူး) ဆရာ ဦးဇော်လင်းထွန်း၊ ပါမောက္ခ(ဌာနမှူး များ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း