ရွာငံ သြဂုတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အ.ထ.က (ခွဲ)(ကဇက်)ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ရွာငံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးသန့် ကဦးစွာပထမလူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နီနီမြင့်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အ.ထ.က(ကဇက်)မှ ကျောင်းသား/သူများက လူငယ်နှင့် မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် Grade - 10 မှ မနန်းဆုလှိုင်၊ လူငယ်နှင့်ဆိုရှယ်မီဒီယာခေါင်းစဉ်ဖြင့် Grade – 10 မှ မောင်ပြည့်ဇင်ဖြိုး၊ လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ်ခေါင်းစဉ်ဖြင့် Grade - 10 မှ မောင်ဘိုဘိုဇော်၊ လူငယ်နှင့် ယဥ်ကျေးမှုခေါင်းစဉ်ဖြင့် Grade - 12 မှ မမေရွေးခိုင်၊ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် Grade - 11 မှ မရွှေဇင်မွန်တို့က အသီးသီး ဆွေးနွေးကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးသန့်က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၇၀)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးစာအုပ်စာစောင်များ ပြသခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ဝေဝေဆာဆာပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)