ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တည်ဆောက်ရေးလုပ်ငန်း အထောက်အကူပြုသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

စစ်တွေ  ဩဂုတ်  ၅

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ရခိုင်ပြည်နယ် MSME အေဂျင်စီနှင့်အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)တို့ ပူးပေါင်းဖွင့်လှစ်သည့် တည်ဆောက်ရေးလုပ်ငန်း အထောက်အကူပြု သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုဖွင့်လှစ်သည့်သင်တန်းကို ယာယီနေရပ်စွန့်ခွာစုရပ်များတွင်ရှိသော မိသားစုများထဲမှ စိတ်ပါဝင်စားပြီး သင်တန်းတက်ရောက်လိုသည့် လူငယ်များကိုရွေးချယ်၍ အသက်မွေးဝမ်းကျောင်းအတတ်ပညာ များစွာရှိသည့်အနက်မှ တည်ဆောက်ရေးလုပ်ငန်းကို အထောက်အကူပြုသည့် ပန်းရံနှင့် ပတ်သက်သောအတတ်ပညာများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာတစ်ဝှမ်းတွင် လူဦးရေးတိုးပွားလာမှုနှင့်အတူ အခြေခံအဆောက်အအုံလိုအပ်ချက်များ ပိုမိုများပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အခြေခံအဆောက်အအုံများ ဆောက်လုပ်ရာတွင် အဓိက အသုံးပြုရသော အုတ်၊ သဲ၊ ကျောက်၊ သံနှင့် ဘိလပ်မြေများကို နည်းစနစ်တကျရောစပ်ပြီးသုံးစွဲရာ၌ အင်ဂျင်နီယာပညာ၊ ဗိသုကာပညာများနှင့်အတူ ပန်းရံအတတ်ပညာသည်လည်း အဓိကကျသော အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ ပန်းရံအတတ်ပညာ သည် ရှေးနှစ်ပေါင်း များစွာကပင် ယခုအချိန်အထိ အသုံးပြုသည့် ပန်း(၁၀)မျိုးအတတ်ပညာတွင် ပါဝင် ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုဝင်ငွေတိုးတက်ရေးအတွက် နှစ်စဉ်နှစ်တိုင်း ပြည်နယ်ဘတ်ဂျက်ကို အသုံးပြုပြီး သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ အခြေခံစက်ချုပ်သင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်း၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း၊ မျိုးစေ့ထုတ်သင်တန်း၊ ရခိုင်ရိုးရာလက်ရက်ကန်းသင်တန်း၊ အခြေခံမွေးမြူရေး ပညာပေးသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အပြင် ယခုအခါတွင်လည်းတည်ဆောက်ရေးလုပ်ငန်း အထောက်အကူပြု ပန်းရံသင်တန်းကို ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းတွင် စာတွေ့လက်တွေ့သင်ကြားပေးသော ပညာရပ်များကို စိတ်ပါလက်ပါ သင်ယူကြပြီး ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားသွားရန်နှင့် သင်တန်းဆင်းပြီးပါက ကျွမ်းကျင်ပရံဆရာများနှင့်အတူတကွ လက်တွဲပြီး လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေများ တိုးတက်ရရှိကာ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်း အထောက်အကူပြုသင်တန်းအတွက် ချီးမြှင့်ငွေကျပ် (၁၄၂၁၆၀၀၀)ကိုပေးအပ်ရာ သင်တန်းနည်းပြများနှင့် သင်တန်းသားကိုယ်စားလှယ်များက လက်ခံရယူကြသည်။

ယင်းနောက် ရခိုင်ပြည်နယ် MSME အေဂျင်စီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက သင်ထောက်ကူ ပစ္စည်းများအား သင်တန်းနည်းပြများနှင့် သင်တန်းသူများကိုပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် MSME အေဂျင်စီအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ခန်းမအတွင်း လုပ်ငန်းသုံးပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ရခိုင်ပြည်နယ် MSME အေဂျင်စီနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် တည်ဆောက်ရေးလုပ်ငန်း အထောက်အကူ ပြုသင်တန်းသို့ စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစုရပ်များမှ အသက် ၁၈ နှစ်နှင့် ၄၅ နှစ်အတွင်း သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတို့ တက်ရောက်ကြပြီး အစိုးရနည်းပညာအထက်တန်းကျောင်းမှ နည်းပြဆရာများနှင့် ပြင်ပမှ(ပန်းရံ)ကျွမ်းကျင်ဆရာများက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ စာတွေ့လက်တွေ့ ၁၅ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)