မိတ္ထီလာခရိုင် လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေး

 မိတ္ထီလာ သြဂုတ် ၅

မိတ္ထီလာမြို့သို့ နိုင်ငံတော်အကြီးအကဲ လာရောက်သည့်ခရီးစဉ်တွင် လမ်းညွှန်မှာကြားချက် အရဆောင်ရွက်သော မိတ္ထီလာခရိုင်၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီက ပန်းလေပြေ(ဝန်ဇင်း)ဟိုတယ်ခန်းမ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မိတ္ထီလာစီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြသန္တာနှင့် မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ နေအောင်တို့က အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အကြောင်း အရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲတွင် မိတ္ထီလာခရိုင် လက်ရှိမြေအသုံးချမှု၊ အသက်အရွယ် အပိုင်းအခြားအလိုက် လူဦးရေများ ၊ ပညာရေးနှင့်လူ့စွမ်းအား အရင်းအမြစ်များ၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်နေ လူမှုဘဝ အခြေအနေနှင့် ကျေးလက်လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းမှု အခြေအနေနှင့် ကုန်စည်ဒိုင်များ၏ အနာဂတ်အလားလာအပါအဝင် မိတ္ထီလာခရိုင် လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် (၁၃)ခုကို အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်နှင့် မိတ္ထီလာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူးများ)၊ ပါမောက္ခများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချမ်းသာ