မိုးနဲ ဩဂုတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁) မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြို စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့သည်။ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်လိုက်ခြင်းကြောင့် စာကြည့်တိုက်လုပ်ငန်း ပိုမိုတွင်ကျယ်လာသည့်အပြင် စာအုပ်စာပေ၏ အကျိုးကျေးဇူးများကို ပိုမိုနားလည်လာမည်ဖြစ်ပြီး ကျောင်းသား/သူများအနေဖြင့်လည်း အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပြည့်စုံစေခြင်း၊ ဗလငါးတန်နှင့် ပြည့်စုံစေခြင်း၊ စသည့်အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ကျောင်းသား/သူများဗဟုသုတရရှိစေရန် သွေးလွန်တုပ်ကွေးရောဂါနှင့် ပလတစ်စတစ်အကြောင်း သိကောင်းစရာများပါရှိသော နံရံကပ်စာစောင်အားပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ခြင်း စာငှားစာဖတ်သူတိုးပွားရေး အခမဲ့ငှားရမ်းပေးခြင်းတို့အပြင် အွန်လိုင်းအသိပညာပေးလုပ်ငန်းများကိုပါ စဉ်ဆက်မပြတ် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို