ကျိုင်းတုံ ဩဂုတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ကျိုင်းတုံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်းကျင်းသည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့က ကျိုင်းတုံတက္ကသိုလ်၊ ခေမရဋ္ဌ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ကျိုင်းတုံတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူမြင့်က အမှာစကားပြောကြားပြီး ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းငွေက သင်တန်းဆင်း အမှာစကားပြောကြားသည်။
ထို့နောက် ကျိုင်းတုံတက္ကသိုလ် ခေတ္တပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း၊ ဆုရရှိသူများ ချီးမြှင့်ပေးအပ်ခြင်းနှင့် သင်တန်းအတွက် ပါဝင်လှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ဩဂုတ်လ ၂ ရက်မှ ၄ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး ကျိုင်းတုံတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် စီမံဝန်ထမ်း စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၉၄ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)