မိုးနဲမြို့နယ် အမှတ်(၁၇) နားလင့်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပ

မိုးနဲ ဩဂုတ် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁၇)နားလင့်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၉ နာရီအချိန်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြိုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ နားလင်းကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့သည်။ ထို့နောက် အလယ်တန်းအဆင့် ကျောင်းသား/သူလေးများက လူငယ်နှင့်ကာယဗလ၊ လူငယ်နှင့်ဉာဏဗလ၊ လူငယ်နှင့်စာရိတ္တဗလ၊ လူငယ်နှင့်မိတ္တဗလ၊ လူငယ်နှင့်ဘောဂဗလ အစရှိသည့် ဗလငါးတန်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး သိလိုသည်များမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်သူ့စာကြည့်တိုက်ရှိ ကျောင်းသား/ သူလေးများ ဗဟုသုတရရှိစေမည့် စာအုပ်များပြသခြင်း လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်အားပြသပေးခြင်းတို့ဆောင်ရွက်ခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလ့လာခဲ့ကြကြောင်း သိရသည်။

ဇင်ကိုကို