နေပြည်တော် ဩဂုတ် ၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ ကြို့ပင်ကျေးရွာ၌ ကျင်းပပြုလုပ်သည့် တစ်နှစ်သုံးသီး သီးနှံစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် နည်းပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျ စိုက်ပျိုးရေး၊ မိုး၊ ဆောင်း၊ နွေ ရာသီပြည့် သီးနှံများစိုက်ပျိုးနိုင်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေသြဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ် သုံးစွဲစေရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်ရေး၊ ပေါ်ဆန်းမွှေးနှင့် အောင်နိုင်တိုးစပါးများ တိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ ကြဲပက်စနစ်ပပျောက်အောင် မျိုးစေ့ချကိရိယာနှင့် ကောက်စိုက်စက်များဖြင့် စိုက်ပျိုးစေရေး၊ တောင်သူအသိပညာပေး ဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ဆောင်ရွက်ရေးတို့ကို ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အောင်နိုင်တိုး မျိုးစပါးကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဓာတ်မြေဩဇာ၊ သွင်းအားစုများနှင့် မျိုးစေ့ချကိရိယာ (Seeder) များကိုလည်းကောင်း တောင်သူများထံ ပေးအပ်ခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ် ပင်လောင်းလမ်းသို့ သွားရောက်ပြီး စိုက်ခင်းများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ပင်လောင်းလမ်းဘေးမြောင်းနှင့် ကျွန်းရောင်း-အိုက်စောက်ရိုး ဆက်သွယ်ထားသည့် ပေ ၅၅၀၀ ပြန်လည်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ဆယ်တင်ပစ္စည်းများအား စနစ်တကျ ပြန်လည်အသုံးပြုရေး၊ လုပ်ငန်းသုံးပစ္စည်းများ အမြန်ရောက်ရှိစေရေးနှင့် လူအင်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရန်အောင်မြင်ဆည်သို့ သွားရောက်ပြီး ပင်မတမံနှင့် ကုန်းကျောတမံများ ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား ရာသီဥတုကောင်းမွန်ချိန်တွင် လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံမှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ချောင်းမကြီးဆည်သို့ သွားရောက်ပြီး ချောင်းမကြီးဆည်မှ ရေသန့်စင်စက်ရုံအမှတ်(၁)သို့ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပင်မတမံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုမှတဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဥတ္တရသီရိရေလှောင်တမံသို့ သွားရောက်ပြီး ပင်မတမံပြုပြင် ဆောင်ရွက်ပြီးစီးမှု၊ ဆည်ရေဝင်ရောက်နေမှုအခြေအနေနှင့် အရေးပေါ်ရေပိုလွှဲ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇေယျဌာနီလမ်းနှင့် ရာဇသင်္ဂဟလမ်းသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှု အခြေအနေများကို လှည်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ လူအင်အား စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ ဇမ္မူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် စားရေရိက္ခာ ဖူလုံစေရေးအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် အသားငါးများကို ဒေသတွင်း တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်များ၏ အထွက်နှုန်းများ တိုးတက်လာမှသာ စားသောက်ကုန်ဈေးနှုန်းများကို ထိန်းသိမ်းနိုင်မှာဖြစ်ကြောင်း၊ စားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးရန်လိုကြောင်း၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဆောင်ရွက်ရန်နှင့် တရားမဝင်ကုန်သွယ်မှု မရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် သက်ဆိုင်ရာ အသင်းအဖွဲ့များမှလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ ဒေသအတွင်း ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့်လုံလောက်စွာ ဖြန်ဖြူးရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများမှ နေပြည်တော်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် မြစ်ငယ်လမ်းနှင့် သော်ကလမ်းသို့သွားရောက်ပြီး သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် လမ်းဘေးရေမြောင်းများ ပြန်လည်တူးဖော်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)