ချမ်းအေးသာစံမြို့နယ်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ချမ်းအေးသာစံ သြဂုတ် ၅

မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေရန်အတွက် ရည်ရွယ်ကာ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့(World Tourism Day)အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ချမ်းအေးသာစံမြို့နယ် အမှတ်(၂၂)အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(United Nations World Tourism Organization – UNWTO) က စက်တင်ဘာလ ၂၇ ရက်နေ့ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အဖြစ်သတ်မှတ်ခဲ့ရာ အထိမ်း အမှတ်ဖြင့် ချမ်းအေးသာစံမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့်(Grade-10 ၊ Grade-11 ၊ Grade-12)မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ဝါဝါကျော်နှင့် အမှတ်(၂၂) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးစိုးတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။ “ခရီးသွားလုပ်ငန်းနှင့်စဥ်ဆက်မပြတ်တိုးတက်ပြောင်းလဲမှု” ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲဖြေဆိုရာတွင် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ(Grade-10 ၊ Grade-11 ၊ Grade-12)ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၂၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူသုံးဦးအား ခရိုင်အဆင့်ဆက်လက်ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)