ပြင်ဦးလွင် ဩဂုတ် ၅
ဒေသခံတောင်သူများအနေဖြင့် တစ်ဧက ကုန်ကျစရိတ်သက်သာစေရန်နှင့် စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ခုနှစ် စပါးမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၀၁)၊ ဦးပိုင်အမှတ် (၅၄/ ၃) ရှိ ဒေသခံတောင်သူ ဦးမြင့်အောင်၏ လယ်မြေ (၁.၀၀) ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စပါးမျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးတိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်စိုးဦးနှင့် စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထူးအောင်ကျော်တို့မှ မျိုးစေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား အသေးစိတ်ရှင်းပြပြီး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ခုနှစ်၊ စပါးမျိုးစေ့ချ ကိရိယာ (Drum Seeder)ဖြင့် စပါးတိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့်အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်း (၃၂ ) ဦး၊ ဒေသခံတောင်သူ(၁၀၂) ဦး တက်ရောက်ခဲ့ကြကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)