တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြစိမ်းရောင် (အသားကဏ္ဍ) နို့စားနွားမွေးမြူသူအစုအဖွဲ့တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံပညာကျောင်းများတွင် နွားနို့တိုက်ကျွေးရေးအခမ်းအနားဖွင့်ပွဲ ကျင်းပ

တောင်ကြီး ဩဂုတ် ၅

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြစိမ်းရောင် (အသားကဏ္ဍ) နို့စားနွားမွေးမြူသူအစုအဖွဲ့တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံပညာကျောင်းများတွင် နွားနို့တိုက်ကျွေးရေးအခမ်းအနားဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး‌ မွေးမြူရေးအထက်တန်းကျောင်း (အေးသာယာ)၊ စိန်ပန်းပြာခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနား၌ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာကောင်းမြတ်ဟိန်းက အဖွင့်အမှာစကားပြောကြားရာတွင် အခြေခံပညာကျောင်းများ၌ နွားနို့တိုက်ကျွေးခြင်းအစီအစဉ်သည် တစ်ဦးတစ်ယောက်ချင်းအတွက်သာမက လူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံးကိုပါ တစ်ဖက်တစ်လမ်းမှအကျိုးပြုလျက်ရှိပါကြောင်း၊ ကလေးများ၏ကျန်းမာကြံ့ခိုင်မှု ပိုမိုကောင်းလာသည်နှင့်အမျှ ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်များလည်း လျော့ကျလာမည်ဖြစ်သည့်အတွက် အစိုးရ၊ မိဘ၊ ဆရာနှင့် စေတနာရှင်များပူးပေါင်းပြီး ကလေးသူငယ်များ၏ အာဟာရပြည့်ဝရေးကို စဉ်ဆက်မပြတ် ကြိုးပမ်း သွားကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံသားအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကဏ္ဍပေါင်းစုံပါဝင်သော ဘက်စုံအာဟာရဖွံ့ဖြိုးရေးစီမံကိန်းကို ချမှတ် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ အနာဂတ်လူငယ်များ၏ ဉာဏစွမ်းရည်မြင့်မားတိုးတက်စေရေး၊ ကျန်းမာကြံ့ခိုင်သန်စွမ်းသော ကာယစွမ်းရည်များ ပိုင်ဆိုင်နိုင်ကြစေရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာအာဟာရများပြည့်ဝစွာ စားသုံးလာစေရန် အခြေခံပညာကျောင်း များ၌ နွားနို့တိုက်ကျွေးခြင်းအစီအစဉ်များကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် တောင်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်မင်းထွန်းမှ အခြေခံပညာကျောင်းများတွင် ကျောင်နေအရွယ်ကလေးငယ်များအား နွားနို့တိုက်ကျွေးခဲ့ခြင်းနှင့် နွားနို့သောက်သုံးခြင်းဖြင့် ရရှိနိုင်မည့်အကျိးကျေးဇူးများအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး‌မွေးမြူရေးအထက်တန်းကျောင်းမှ အထက်တန်းပြဆရာ ဦးအုန်းကျော်မြင့်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယင်းနောက် တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းမှ ကျောင်အုပ်ဆရာမကြီး‌ ဒေါ်ဦးဦးမာထံ နွားနို့ဘူးများပေးအပ်ပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များနှင့် ဆရာမများမှ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး‌မွေးမြူရေးအထက်တန်းကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား ကျောင်းသူ (၁၃၀၀) ဦးအား နွားနို့အာဟာရများ တိုက်ကျွေးခဲ့ကြကြောင်း သိရှိရသည်။

ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)