လယ်ဝေး ဩဂုတ် ၅
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် ကော်မတီဝင်များနှင့်အတူ ကူသပိတ်ကျေးရွာတွင် လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးနေမှုများအား ကွင်းဆင်းကြည့်ရှုသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ကူသပိတ်ကျေးရွာ၊ စနစ်ကျလယ်ယာမြေ၊ ကွင်းအမှတ် ၁၈၀၆၊ တောင်သူဦးတိုးနိုင်၏ လယ်ဧက ၂၀ ဧတွင် ရက် ၉၀ စပါးမျိုးများ လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုကာ စိုက်ပျိုးသီးနှံများအတွက် မြေယာပြုပြင်ခြင်းသည် အလွန်အရေးပါကြောင်း၊ မြေကောင်းစွာပြုပြင်ပြီး အသုံးပြုခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် အထောက်အကူပြုသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ရာသီပြည့်သီးနှံစိုက်ပျိုးလျက်ရှိသည့်အချိန်တွင် နောက်သီးနှံစိုက်ပျိုးရန်အတွက် ရိုးပြတ်များအမြန်ဆွေးမြည့်ကာ သမန်းကောင်းပြီး ရာသီပြည့်မီစွာ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ရာသီအစစိုက်ပျိုးသည့်သီးနှံမှစတင်ပြီး မြေပြုပြင်ခြင်းလုပ်ငန်းကို အလေးထားဆောင်ရွက်ပါက နောင်သီးနှံများအတွက်ပါ ကောင်းမွန်သည့်အထွက်နှုန်းများ ရရှိမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာ၊ မူလတန်းလွန်ကျောင်းသို့ ရောက်ရှိပြီး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းသားကျောင်းသူများ တန်းစဉ်မပျက် ဆက်လက်ကူးပြောင်းနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်နှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အစိတ်အပိုင်းများအား ပြုပြင်မွမ်းမံနိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ်အတွင်းရှိ လုံခြုံရေးဂိတ်များတွင် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံအားပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)