နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် MSME ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

ဥတ္တရသီရိ ဩဂုတ် ၅

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊  ဥတ္တရသီရိမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် MSME ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇလောင်းကျေးရွာ ကွင်းအမှတ်(၁၈၈၅) တောင်သူဦးထွန်းဝေ၏ လယ်မြေ ၅ ဧကတွင် ပေါ်ဆန်းရင် စပါးမျိုးအား ကြိုးတန်းစနစ်ဖြင့် စိုက်ပျိုးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် တာဝန်ရှိသူများနှင့်အတူ ဇလောင်းကျေးရွာနေ ဦးရဲလင်းအောင်၏ နို့စားနွားမွေးမြူထားရှိမှုနှင့် ရွှေနံ့သာရပ်ကွက် V4 လမ်းဘေးအနီး ဦးသက်ဖြိုးဇော်၏ ဒေသနွားမွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးရာ  တာဝန်ရှိသူများက လက်ရှိမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တိရစ္ဆာန်အစာများ စနစ်တကျဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်‌ကောင်စီဝင်က မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့မွေးမြူရေး၊ အဆင့်မြင့်မွေးမြူရေးနှင့် စနစ်ကျမွေးမြူရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ တိရစ္ဆာန်အစာအတွက် လုံလောက်မှုရှိစေရေးနှင့်  တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများအား သဘာဝမြေဩဇာအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် မောင်းရမ်းကျေးရွာအုပ်စု၊ ဝက်စုကျေးရွာ ဦးကျော်ကျော်၏ ကျွန်းနက်ဗုဒ္ဓရုပ်ပွားတော်၊ မြန်မာမှု၊ ပန်းပုနှင့် နိမ္ဗာန်ကုန်လုပ်ငန်းသို့လည်းကောင်း၊ မင်းကုန်းကျေးရွာအုပ်စု၊ တံတားဦးကျေးရွာနေ ဦးနေယံထူး၏ ကျောက်ဆစ်လုပ်ငန်း၊ နိဗ္ဗာန်ကုန်ရောင်းဝယ်ရေး၊  ဘုရားဆင်းတုတော်အမျိုးမျိုးနှင့် ကျောက်ဆစ်ဗိသုကာလုပ်ငန်းများသို့လည်းကောင်း သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ကုန်ကြမ်းအဖြစ်မှ ကုန်ချောအဖြစ်သို့ ထုတ်လုပ်‌ရောင်းချနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင်က  ထုတ်ကုန်ပစ္စည်းများ တိုးချဲ့ထုတ်လုပ်နိုင်ရေး၊ MSME လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ထုတ်ကုန်များကို ပြည်တွင်းသာမက ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကျန်းမာရေးဝန်ထမ်းအင်အားစာရင်းများ၊ လာရောက်ဆေးကုသမှု အ‌ခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဝင်က ဆေးဝါးများပြည့်စုံစွာထားရှိနိုင်ရေး၊ စိတ်အေးချမ်းမြေ့စွာ လာရောက်ဆေးကုသမှုခံယူနိုင်‌ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့ကို မှာကြားပြီး  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)