ဟဲဟိုးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ကလော ဩဂုတ် ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက က‌လောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များအားလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ်က လူငယ်များနေ့ဖြစ်ပေါ်လာပုံ၊ သမိုင်းကြောင်းများ၊ လူငယ်များအနေဖြင့် စာဖတ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးအ‌ကြောင်းတို့ကို ဟောပြောခဲ့ကြသည်။

ထို့နောက် ဟဲဟိုးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ‌ရှေ့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးစသည့် နံရံကပ်စာစောင်များအား ကျောင်းသား/သူများတို့က စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)