မြစ်သား ဩဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများမှ မြို့ပေါ်(၆)ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးကင်းစမှ(၁)နှစ်ခွဲအောက် ကလေးငယ်များအား ယနေ့နံနက် ၉ နာရီက စတင်ပြီးလစဉ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို အဆိုပါမိခင်နှင့် ကလေးကျန်းမာရေးဌာနရုံးခန်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးရာတွင် မြို့ပေါ် (၆)ရပ်ကွက်ရှိ မွေးကင်းစမှ(၁)နှစ်ခွဲ အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ပိုး၊ ဦးနှောက်အမေးရောင် ငါးမျိုးစပ်ကာကွယ်ဆေးနှင့် ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုတ် ရောင်(ပီစီဂျီ)နှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးများကို အသက်အရွယ်အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်းသိရသည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်နန်းရွှေကြည်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ကိုယ်ဝန်ဆောင်မိခင်များကို အကူအညီများပေးအပ်ခဲ့ကြသည်။ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမတို့က ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁) နှစ်ခွဲ အောက်ကလေးငယ်များအား လစဉ်သတ်မှတ်ရက်များတွင် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံတိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)