ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မိုးရာသီအခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်ကြည့်ရှုအားပေး

စစ်တွေ ဩဂုတ် ၃

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ မိုးရာသီအခြေခံပညာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ အားကစားအသင်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ အခြေခံပညာကျောင်းသူလေးများက Fitness Dance ဖြင့်ကပြဖျော်ဖြေကြပြီး ၂၀၂၅ ခုနှစ်၊ မိုးရာသီအခြေခံပညာ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်အဖြစ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအသင်းနှင့် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအသင်းတို့ အားကစားသမားများနှင့် ဒိုင်အဖွဲ့ဝင်များကနေရာယူကြကာ ကျောင်းသူလေးများက အောင်သပြေဖြင့် လက်ကမ်းကြိုဆိုကြသည်။

ထို့နောက် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအသင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအသင်းယှဉ်ပြိုင်ကစားကြရာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအသင်းက(၄)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိသွားပြီး တံခွန်စိုက်ဆုဖလားကို ဆွတ်ခူးရရှိသွားသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာပြိုင်ပွဲဝင် အားကစားအသင်း(၁၀)တို့က ကွင်းအတွင်း နေရာယူကြပြီး အကောင်းဆုံးအားကစားသမားဆုရရှိသော အားကစားသမားများ၊ ပြိုင်ပွဲ တလျှောက်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသော ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့ ဝင်များနှင့် Fitness Dance အကအဖွဲ့တို့အား ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများက ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် တတိယဆုရရှိသော အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအသင်းအား ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်က တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဆုငွေကျပ်(၇၀၀၀၀၀) အားလည်းကောင်း၊ ဒုတိယဆုရရှိသော အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအသင်းအား ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဆုငွေကျပ်(၁၀ သိန်း)အားလည်းကောင်း၊ ပန်းပွားအဖွဲ့နှင့် ဘင်ခရာအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများအားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပထမဆုဆွတ်ခူးရရှိသွားသော အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်နှင့် ဆုငွေကျပ် (၁၅ သိန်း)နှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ မိုးရာသီအခြေခံပညာ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲကို  စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ဇူလိုင်လ ၇ ရက်နေ့မှ ဩဂုတ်လ ၂ ရက်နေ့ထိ ကျင်းပခဲ့ရာ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲများမှ ပြိုင်ဝင်အသင်း (၁၀)တို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ထိုသို့ကျင်းပခဲ့ရာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအသင်းနှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းဘောလုံးအသင်းက (၅) ဂိုး၊ (၃) ဂိုးဖြင့်လည်းကောင်း၊ အမှတ်(၂) ခြေခံပညာအထက်တန်းကျောင်းဘောလုံးအသင်းနှင့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ အမှတ်(၂) ခြေခံ ပညာအထက်တန်းကျောင်းဘောလုံးအသင်းက (၃)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြပြီး ဩဂုတ်လ ၁ ရက်နေ့တွင် တတိယလုပွဲအဖြစ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအသင်းနှင့် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းဘောလုံးအသင်းက (၄)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိကာ တတိယဆုရရှိခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)