တပ်ကုန်း ဩဂုတ် ၃
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် သဖန်းချောင်းကျေးရွာ “သုတအလင်းရောင်” စာကြည့်တိုက်၊ အိုင့်ကျယ်ကျေးရွာ “ဉာဏ်မြင့်မိုရ်” စာကြည့်တိုက်နှင့်သစ်ဆိန်ပင်ကျေးရွာ “လမ်းပြကြယ်မေတ္တာအလင်း” စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၂ ရက် နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်များရှေ့၌ ကျင်းပသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင့်တင့်ခိုင်က စာကြည့်တိုက်များတည်ထောင်ဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်များနှင့် စာကြည့်တိုက်အဆောက်အဦများ၊ စာအုပ်စာစောင်များရေရှည်တည်တံ့ခိုင်မြဲရေး၊ စာဖတ်ပရိသတ်များတိုးပွားရေး၊ စာအုပ်စာစောင်များအသစ်တိုးပွားရရှိရေးနည်းလမ်းများ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် သဖန်းချောင်းကျေးရွာ “သုတအလင်းရောင်” စာကြည့်တိုက်၊ အိုင့်ကျယ်ကျေးရွာ “ဉာဏ်မြင့်မိုရ်” စာကြည့်တိုက်နှင့်သစ်ဆိန်ပင်ကျေးရွာ “လမ်းပြကြယ်မေတ္တာအလင်း” စာကြည့်တိုက်အဆောက်အဦသစ်တို့ကို ဦးစီးအရာရှိဒေါ်တင့်တင့်ခိုင်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ စာကြည့်တိုက်မှူးများနှင့်သက်ဆိုင်ရာကျေးရွာတာဝန်ရှိသူများအား စာကြည့်တိုက်ဆိုင်ရာအချက်အလက်များပေးအပ်ပြီး၊ စာအုပ်စာစောင်များပေးအပ်လှူဒါန်းခဲ့ပြီးနောက် စာ ကြည့်တိုက်များအတွင်း ကျောင်းသားလူငယ်လူရွယ်များ၊ ဒေသခံပြည်သူများ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
တင်စိုးလွင်