နမ့်စန်မြို့ လွိုင်လကျေးရွာတွင် ကျန်းမာရေးစောင့်စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်၍ ဆေးစိမ်ခြင်ထောင်များအခမဲ့ဖြန့်ဝေ

နမ့်စန်(တ) ဩဂုတ် ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ လွိုင်လကျေးရွာအုပ်စု၊ လွိုင်လကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက အဆိုပါကျေးရွာဘုန်းကြီးကျောင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၍ ဒေသလိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်က ဒေသတွင်းအဖြစ်များသည့် ရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင် နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာသူကျေးရွာသားများကို ငှက်ဖျားရောဂါပိုး သွေးဖောက်စစ်ဆေးပေးခြင်း၊ ငှက်ဖျားရောဂါပိုးတွေ့ရှိသူများကို ဆေးကုသပေးခြင်းနှင့် အထွေထွေရောဂါများကို စမ်းသပ်ကုသပေး၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ကျေးရွာသူကျေးရွာသားများကို ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးစိမ်ခြင်ထောင် စုစုပေါင်းအလုံး(၁၀၀) ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)