လယ်ဝေးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏ ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေးတွေ့ဆုံ ဆွေးနွေး သွင်းအားစုများ EM ဖျော်ရည်များပေးအပ်

လယ်ဝေး ဩဂုတ် ၃

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက်မြို့နယ်ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်တပ်မတော်သားများ စုပေါင်း၍သစ်ပင်ချုံနွယ်များရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်အလင်းဖွင့်ခြင်းနှင့် ရေစီးရေလာကောင်းမွန်‌စေရေးတို့အတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးကာ စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည်လယ်ဝေးမြို့နယ်၊ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဒုဥက္ကဋ္ဌဦးဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင် ရာများနှင့်အတူ လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာ KC တွင်ကျင်းပသည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ လယ်ဝေး မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏ ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေးတွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးကဒေသခံတောင်သူများအနေဖြင့် ရာသီပြည့်သီးနှံများစိုက်ပျိုးနိုင်‌ရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိ‌ရေးတို့အတွက် သွင်းအားစုများကို သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာတို့အချိုးကျထည့်သွင်းရန်၊ လယ်ကန်သင်း၊ ရေဆိုးထုတ်မြောင်းများရေပေးမြောင်းများ ရေစီးရေလာကောင်းမွန်ရေးရှင်းလင်းခြင်း၊ သစ်ပင်နှင့်အမှိုက်များဖယ်ရှားခြင်းစသည့်တို့နှင့် မိမိတို့ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း ကျန်းမာရေးနှင့်ညီညွတ်အောင်နေ ထိုင်နိုင်ရေးအတွက် သန့်ရှင်းသာယာလှပရေးကို အပတ်စဉ်ဆောင်ရွက်ကြရန်၊ ကျောင်းနေအရွယ်ကလေးများကျောင်းအပ်နိုင်ရေးဝိုင်းဝန်းကူညီပေးကြရန်၊ စဉ် ဆက်မပြတ်တန်းစဉ်ကူးပြောင်း‌နိုင်ရေးတိုအား ဆွေးနွေးပြောကြားသည်။  ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု‌ကော်မတီဒုတိယဥက္ကဋ္ဌဦးဝင်း‌အောင်က သီးနှံများစတင် စိုက်ပျိုးရာတွင် မြေပြုပြင်ခြင်းသည် အခြေကျပြီးအရေးကြီးသည့်လုပ်ငန်းဖြစ်ပြီး စနစ်တကျဆောင်ရွက်ပါက သီးနှံများအထွက်နှုန်းတိုးမည်ဖြစ်ကြောင်းနှင့် မြေပြင်ခြင်းနည်းစနစ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်ဆည်မြောင်းဦးစီးဌာနမှတာဝန်ရှိသူများက ရေပေးဝေနိုင်မှုများ၊ စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးက မျိုးစပါးများဖြန့်ဝေမှုနှင့်သွင်းအားစုများ စနစ်တကျထည့်သွင်းနိုင်ရေးရှင်းလင်းဆွေးနွေးသည်။ ထို့နောက်နေပြည်တော်ကောင် စီဝင် နှင့်တာဝန်ရှိသူများကတောင်သူများအားသွင်းအားစုများ၊ EM‌  ဖျော်ရည်များနှင့် မျိုး‌စေ့ချကိရိယာများပေးအပ်သည်။

ဆက်လက်‌၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် ကွမ်းခြံကျေးရွာ၊ ကွင်းအမှတ် ၁၇၃၂၊ တောင်သူဦးဝင်းဗိုလ်၏ မိုးစပါးနှံကောက် ၉.၅၀ ဧက စိုက်ခင်းအား စက်ကိရိယာဖြင့် ရိတ်သိမ်းခြွေလှေ့နေမှုအားကြည့်ရှုအား‌ပေးကာ  လယ်ဝေး-ပျဉ်းမနား မြို့ရှောင်လမ်း‌ပေါ်ရှိ၊ ပိတောက်ချောင်ကျေးရွာ၊ ကွင်းအမှတ် ၁၇၃၁ အနီး၊ ချောင်းဇောက်ရိုးသို့ကွင်းဆင်းစစ်ဆေးပြီး သက်ဆိုင်ရာဌာနများ၏လုပ်ငန်းဆောင်ရွက်နေမှုများအား ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)