ရန်ကင်းမြို့နယ်၌ တိုင်းဒေသကြီးအဆင့် ဓမ္မစကြာဒေသနာတော်ရွတ်ဆိုပူဇော်ပြိုင်ပွဲ (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကင်း ဩဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ရန်ကုန်တိုင်း သာသနာ့နုဂ္ဂဟ အသင်းကြီး၏ တိုင်းဒေသကြီးအဆင့်ဓမ္မစကြာဒေသနာတော်ရွတ်ဆိုပူဇော်ပြိုင်ပွဲ (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၈ ရက် နံနက် ၇ နာရီအချိန်က ရန်ကင်းမြို့နယ်၊ မိုးကောင်းဆုတောင်း ပြည့်စေ‌တီတော်ဝန်းအတွင်းရှိ အရိယာဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌဆရာတော်ဒေါက်တအဂ္ဂသာမိက ဩဝါဒစကားမြွက်ကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ရန်ကုန်တိုင်း)နှင့် သုံးရာသီလူမှုကူညီရေးအသင်း(ဗဟို)ဥက္ကဋ္ဌ မဟာသဒ္ဓမ္မဇောတိကဓဇ၊ သုဓမ္မမဏဇောတဓရတရားလွှတ်တော်ရှေ့နေကြီးဦးတင်မိုးအောင်(ခ)ဦးနေရှိုင်းက ပြိုင်ပွဲအမှတ်ပေးစည်း မျဉ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးသံဃနာယကဥက္ကဋ္ဌဆရာတော်‌ဒေါက်တအဂ္ဂသာမိ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ သင်္ဃန်းကျွန်းခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်မိုးထိုက်၊ရန်ကင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်၊ မိုးကောင်းဆုတောင်းပြည့် ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဌဦးချိုလေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ် နှင့်နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ရန်ကုန်တိုင်း)နှင့်သုံးရာသီလူမှု ကူညီရေး အသင်း(ဗဟို)ဥက္ကဋ္ဌ မဟာသဒ္ဓမ္မဇောတိကဓဇ၊ သုဓမ္မမဏိဇောတဓရ တရားလွှတ်တော်ရှေ့နေကြီးဦးတင်မိုးအောင်(ခ)ဦးနေရှိုင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုပြီးမြောက်ခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)