နေပြည်တော် ဩဂုတ် ၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဩဂုတ်လ ၁ ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ် မန္တလေးလမ်းနှင့်သံတောင်လမ်းများသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့်လမ်းပိုင်းများပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လမ်းလုပ်ငန်းဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။
ဆက်လက်၍ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ကင်မွန်းတန်းကျေးရွာအုပ်စု၊ ကြံဘိုကျေးရွာသို့သွားရောက်ပြီး ကွင်းအမှတ်(၁၃၁၇)ရှိ ဦးကျော်ဆွေ၏နေကြာစိုက်ခင်းနှင့် ရာသီသီးနှံများစိုက်ပျိုးထားရှိမှုအား ကြည့်ရှုခဲ့ရာ တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးမှရာသီသီးနှံများစိုက်ပျိုးထားရှိမှုနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက တောင်သူများနှင့်တွေ့ဆုံကာ တောင်သူများမှရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေးနှင့်ပတ်သက်၍တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဖြစ်ထွန်းအောင်မြင်နေသည့်နေကြာစိုက်ခင်းအား ကြည့်ရှု အားပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ် ရွှေမြို့ကျေးရွာသို့သွားရောက်ပြီး ကွင်းအမှတ်(၁၄၇၄)ရှိ တောင်သူဦးသန်းထိုက်၏ မိုးစပါးစိုက်ခင်းတွင် သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာပေါင်းစပ်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကိုတက်ရောက်၍ တောင်သူများနှင့်တွေ့ဆုံကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးဆောင်ရွက်ရေး၊ မိုး၊ ဆောင်း၊ နွေ ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာအား တောင်သူများကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ ကြဲပက်စနစ်ပပျောက်အောင် မျိုးစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံဖြင့်အသုံးပြုဆောင်ရွက်ရေးနှင့် ဓာတ်မြေဩဇာများကိုနိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့်ဖြန့်ဝေပေးမည့်အစီစဉ်များကိုပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ယူရီးယားဓာတ်မြေဩဇာကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များက အောင်နိုင်တိုးမျိုးစပါးများ၊ နေကြာနှင့်ပဲတီစိမ်းမျိုးများ၊ သွင်းအားစုများကိုလည်းကောင်း တောင်သူများထံပေးအပ်ကြသည်။ ယင်းနောက်မိုးစပါးစိုက်ခင်းအား သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာပေါင်းစပ်ထည့်သွင်းခြင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)