ကလော ဩဂုတ် ၃
ဟဲဟိုးမြို့၊ ပုန်းအင်းကျေးရွာ၌ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းဖြင့် လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးမှုပြသာနာများ လျော့ချနိုင်မှု၊ အချိန်ကုန်သက်သာပြီး ပြီးစီးမှုမြန်ဆန်သောကြောင့် ရာသီအချိန်မှီ စိုက်ပျိုးပြီးစီးမှု၊ မျိုးစပါးကုန်ကျမှု လျော့နည်းခြင်းနှင့် စိုက်ပျိုးစရိတ်သက်သာခြင်းကြောင့် တစ်ဧကစိုက်ပျိုးစရိတ်သက်သာခြင်း၊ စိုက်ပျိုးနည်းစနစ်မှန်ကန်မှုကြောင့် အထွက်နှုန်းပိုမိုတိုးတက်၍ ဝင်ငွေများတိုးတက်စေရန်နှင့် တောင်သူများလက်တွေ့ကျကျ သိရှိနားလည်ပြီး ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းအား တွင်ကျယ်စွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာန၊ အောင်ပန်းမြို့အမှတ်(၆၅)စက်မှုလယ်ယာစခန်းတို့မှ ပူးပေါင်းကျင်းပသည့် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြသပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာအုပ်စု၊ ပုန်းအင်း ကျေးရွာရှိ တောင်သူ ဦးကျော်နိုင်စိုး၏ လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့ရာ စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ပုန်းအင်းကျေးရွာဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အောင်ပန်းမြို့ စက်မှုလယ်ယာဦးစီးဌာန၊အမှတ်(၆၅)စက်မှုလယ်ယာစခန်းမှ ဦးစီးအရာရှိ ဦးဦးဘဝင်းက လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ကလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်ဇင်က စပါးအထွက်နှုန်းကောင်းမွန်စေရေးအတွက် စနစ်တကျ စပါးပျိုးထောင်စိုက်ပျိုးနည်းစနစ်တို့ကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက အောင်ပန်းမြို့ အမှတ်(၆၅)စက်မှုလယ်ယာစခန်းမှ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါး လက်တွေ့စိုက်ပျိုးခြင်းကို ကြည့်ရူလေ့လာခဲ့ကြသည်။
အောင်ပန်းမြို့အမှတ်(၆၅)စက်မှုလယ်ယာစခန်းအနေဖြင့် စိုက်ပျိုးရေးတောင်သူများ လုပ်ငန်းအဆင်ပြေစေရေးအတွက် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းတို့ကို ဌာနနှုန်းထားဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ လယ်ယာသုံးစက်ကိရိယာများ လက်တွန်းထွန်စက်များ၊ ထွန်စက်ကြီး၊ စပါးစိုက်စက်၊ စပါးရိတ်သိမ်းခြွေလှေ့စက်တို့ကို ဌာနမှအရစ်ကျစနစ်၊ လက်ငင်းစနစ်များဖြင့် တောင်သူများအား ရောင်းချပေးကြောင်း၊ ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲလာသော လယ်ယာသုံးစက်ကိရိယာများအား တောင်သူများအသုံးပြုတက်လာစေရန် သရုပ်ပြပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း အောင်ပန်းမြို့အမှတ်(၆၅)စက်မှုလယ်ယာစခန်းမှ ဦးစီးအရာရှိထံမှ သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)