တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့တွင် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲ ကျင်းပ

တိုက်ကြီး ဩဂုတ်  ၂

ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းအစီအစဉ်ဖြင့် ၄၅ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့သော မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ ငွေဥဒေါင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးကျော်ဇင်လတ်က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်သည်အထိ အသက်မွေးဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပြောကြားသည်၊

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)