နေပြည်တော် ဩဂုတ် ၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိ ရေလှောင်တမံသို့ သွားရောက်ပြီး တမံပြုပြင် ဆောင်ရွက်ပြီးစီးမှု၊ အရေးပေါ်ရေပိုလွှဲ တူးဖော်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် Naypyitaw State Polytechnic University ၌စာဖတ်ရှိန်မြှင့် တင်ရေးပွဲတော်ကို ကျင်းပရာ နေပြည်တော်စာကြည့်တိုက် များဖွံ့ဖြိုးတိုး တက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်မုခ်ဦးကို နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုး၊ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နှင့် တာဝန်ရှိသူများက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း စာအုပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်များအား လှည့်လည်ကြည့်ရှုအားပေးပြီး ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ၊ စာပေဆိုင်ရာဆွေးနွေးပွဲ၊ စကားရည်လုပြိုင်ပွဲများကျင်းပနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ဆက်လက်ကျင်းပရာ Naypyitaw State Polytechnic University မှ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့’’ သီချင်း တေးသရုပ်ဖော်နှင့် Welcome to Naypyitaw State Polytechnic University သီချင်းများ ဖျော်ဖြေတင် ဆက်ကြပြီး “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” ဗီဒီယို Clip ပြသခဲ့သည်။
ထို့နောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြော ကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်း တာဝန်ယူမယ့်သူများဖြစ်သည့်အတွက် ဗလငါးတန်နှင့် ပြည့်စုံရန်လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များကို အဓိက ပြုစုပျိုးထောင်ပေးရမှာဖြစ်ကြောင်း၊ လူငယ်များအပါ အဝင် ပြည်သူများ စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန် အခြေခံပညာကျောင်းများနှင့် အဆင့်မြင့် ပညာဖြစ်သည့် တက္ကသိုလ်များကိုအခြေခံ၍ ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များ ကျင်းပခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် နေ့စဉ်စာ ဖတ်ရာတွင် သုတ/ရသ ပညာရပ်အစုံကို ဖတ်ရှုကြရန်နှင့် နောင်တစ်ချိန် နိုင်ငံတော်က အားကိုးအားထားရသော သားကောင်းသမီးကောင်း ပညာရှင်များ ပေါ်ထွန်းရေး အတွက် ကြိုးစားကြရမှာဖြစ်ကြောင်း၊ စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်းသည် လူငယ်များ အပါ အဝင်ပြည်သူများ စာဖတ်ကြစေရန် စာပေလေ့လာ ဖတ်ရှုနိုင်ရန် အခွင့်အလမ်းများ ဖော်ဆောင် ပေးခြင်းဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် ဘဝတစ်သက်တာအတွက် လွန်စွာ အကျိုးကျေးဇူး ရှိစေသောကြောင့် ကလေးငယ် များအား ငယ်စဉ်မှစ၍ စာဖတ်သည့် အလေ့အထကိုပျိုးထောင်ပေးရန် အရေးကြီးပါကြောင်း၊ နေပြည်တော်စာကြည့်တိုက် များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ အနေနဲ့ဗဟိုကချမှတ်ထားသည့် လုပ်ငန်းစဉ်(၄)ရပ်ဖြစ်တဲ့ ရပ်နားထားသည့် စာကြည့်တိုက်များအား ပြန်လည်ဖွင့်လှစ်မည့် လုပ်ငန်းစဉ်၊ စာကြည့်တိုက်အသစ်များ တည်ထောင်ဖွင့်လှစ်မည့် လုပ်ငန်းစဉ်၊ ပြည်သူများ စာပေဖတ်ရှုလေ့လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းစဉ်၊ စာအုပ်စာစောင်များဖြန့်ဝေမည့် လုပ်ငန်းစဉ်တို့ကို အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍကို မြှင့်တင် ဆောင်ရွက် လျက်ရှိပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဗဟုသုတ ပြည့်စုံကြွယ်ဝသည့် အနာဂတ် မျိုးဆက်သစ် လူငယ်များဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက Naypyitaw State Polytechnic University ပါမောက္ခချုပ်ထံ စာအုပ်စာစောင်များလှူဒန်းပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် စာရေးဆရာ မောင်လေပြေ(တောင်တွင်း)နှင့် Naypyitaw State Polytechnic University မှ ကျောင်းသား၊ ကျောင်းသူများက "လူငယ်နှင့်စာပေ" ခေါင်းစဉ်ဖြင့် လူငယ် စကားဝိုင်း ဆွေးနွေးခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် စာပေပညာရှင် ဦးခင်မောင်ကျော်(ရဲမွန်ကျော်)မှ စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခြင်း၊ Naypyitaw State Polytechnic University မှ ကျောင်းသား၊ ကျောင်းသူများက ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပဆောင် ရွက်ကာ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ တိုးတက်ဖော်ဆောင်နိုင်ရေး၊ ဒေသတွင်းရှိ ရှေးဟောင်းသမိုင်းဝင် အထင်ကရရှိသောနေရာများ၊ ဆွဲဆောင်မှုရှိသော စိတ်ဝင်စားဖွယ် နေရာများ ရွေးချယ်ဆောင်ရွက်ရေး၊ ကျေးလက်ဒေသရိုးရာ ဓလေ့စရိုက်များ၊ ရိုးရာပွဲတော်များ၊ ခရီးသွားလုပ်ငန်းများကို ကြော်ငြာများ၊ လက်ကမ်းစာစောင်များ၊ မီဒီယာများဖြင့် အများသိရှိအောင် ဆောင်ရွက်ရေး၊ ဟိုတယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဝန်ဆောင်မှု ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ ဒေသထွက်ကုန်များ၊ အထိမ်းအမှတ် ပစ္စည်းများ၊ အစားအစာများကို ခရီးသွားပြည်သူများ သိရှိအောင် ဆောင်ရွက်ရေး၊ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဟိုတယ်များ အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ရေးနှင့် ခရီးသွားပြည် သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး၊ လုပ်ငန်းကော်မတီဝင်များမှလည်း မိမိနှင့်သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပန်းပူးပေါင်းဆောင်ရွက်ကြရေးတို့ကို မှာကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လယ်ယာမြေများတွင် ရေသွင်း၊ ရေထုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မိုး၊ ဆောင်း၊ နွေ ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး၊ ကြဲပတ်စနစ်ပ ပျောက်အောင် မျိုးစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးစေရေးနှင့် တာဝန်ရှိသူများမှ အမြဲမပြတ်ကြပ် မတ်ဆောင်ရွက်ရေး၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးနှံစိုက်စွမ်းအား မြှင့်တင်နိုင်ရေးတို့ကို ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)