တောင်ကြီး သြဂုတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲက နောင်လေးကျေးရွာအုပ်စု၊ ငိုမွိူးကျေးရွာ၊ ကျေးရွာဓမ္မာရုံ၌ ပြုလုပ်ရာ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြှင့်မားလာစေရေးနှင့် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ဖွင့် လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းအပြီးတွင်သင်တန်းသူများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရေးအတွက် နည်းပညာသင်ကြားပေးခြင်း၊ လုပ်ငန်းစတင်လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သော ဖွံ့ဖြိုးရေးသုံးစက်ပစ္စည်းများ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊ ထုတ်ကုန်ပစ္စည်းများအား ဓါတ်ခွဲစမ်းသပ်စစ်ဆေးပေးခြင်းနှင့် မှတ်ပုံတင်ဆောင်ရွက်ပေးခြင်း၊ ရင်းနှီးငွေနှင့် ဈေးကွက်ရှာဖွေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် ဆရာများရဲ့သင်ကြားပို့ချမှုများကို လက်တွေ့နယ်ပယ်မှာ အမှန်တကယ်အသုံးချနိုင်သည်အထိ သင်ယူလေ့လာကြရန်၊ တတ်မြောက်သည့်ပညာရပ်နှင့် လုပ်ငန်းထူထောင်ကြရန်၊ နိုင်ငံတော်ကထားသည့် စေတနာတွေအပေါ် လုပ်ငန်းအောင်မြင်အောင် အကောင်အထည်ဖော်ခြင်းဖြင့် ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းသုံးသင်ထောက်ကူပစ္စည်းများအား ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့က အသီးသီးပေးအပ်ခဲ့ရာ သင်တန်းသူ (၁)ဦးချင်းစီမှ လက်ခံရယူခဲ့ပြီး သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါစက်ချုပ်သင်တန်းအား တောင်ကြီးမြို့နယ်၊ ငိုမွိူးကျေးရွာတွင် (၁.၈.၂၀၂၅) ရက်နေ့မှ (၃၀.၈.၂၀၂၅) ရက်နေ့အထိ ပထမအကြိမ်အခြေခံ သင်တန်းအဖြစ်လည်းကောင်း၊ (၇.၉.၂၀၂၅) ရက်နေ့မှ (၂၁.၉.၂၀၂၅) ရက်နေ့အထိ ဒုတိယအကြိမ် မွမ်းမံသင်တန်း အဖြစ်လည်းကောင်း သင်တန်းသား (၁၀)ဦးစီဖြင့် စာတွေ့ (၃၀%) လက်တွေ့ (၇၀%) ဖြင့် ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)