ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး (၉၅၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ ကျင်းပ

ညောင်ဦး ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ သီရိပစ္စယာရပ်ရှိ လောကနန္ဒာ စွယ်တော်မြတ်စေတီတော်ကြီး၏ (၉၅၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းသပိတ်လုံး လောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို စေတီတော်ကြီးရင်ပြင်တော်၌ ယမန်နေ့နံနက် (၈)နာရီခွဲအချိန်ကစတင်၍ လောကနနန္ဒာစွယ်တော်မြတ်စေတီ ရင်ပြင်တော်ပေါ်တွင် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။

လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး၏ (၉၅၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတွင်  နိုင်ငံတော်ဩဝါဒစရိယဆရာတော်၊ မြစ်ကြည့်တိုက်၊ ရုပ်စုံကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒဝံသမထေရ်သူမြတ်ထံမှ ကိုးပါးသီလခံယူဆောက်တည်၍  ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ ဂေါပကဥက္ကဋ္ဌအဖွဲ့နှင့် ဗုဒ္ဓပူဇနိယပွဲတော်လာ ဧည့်ပရိတ်သတ်တို့မှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ညောင်ဦးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အလိုတော်ပြည့်စာသင်တိုက် ပဓာနနာယက ဆရာတော် (ဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တပဏ္ဍိတ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့နောက် ပင့်သံဃာ (၁၇၀) တို့အား လောကနန္ဒာဘုရားစွယ်တော်မြတ်စေတီ ရင်ပြင်တော်ပေါ်၌ ဆွမ်းသပိတ်လုံးများ လောင်းလှူခဲ့ကြကြောင်း သိရသည်။

လောကနန္ဒာစွယ်တော်မြတ်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာမပျက် ကျင်းပလျက်ရှိပြီး မြန်မာပြည်အရပ်ရပ်မှ ကုသိုလ်ရှင်များ၊ ဘုရားဖူးလာရောက်သူများဖြင့် စည်းကားလျက်ရှိရာ ဧရာဝတီမြစ်လယ်ကျွန်းကျေးရွာများမှ လောင်းလှေများဖြင့် လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးအား ဦးတိုက်ပူဇော်ခြင်း၊ ခေတ်အဆက်ဆက် လောင်းလှေပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့သည့် ပြယုတ်များကို အလှပြပြသခြင်းများနှင့် အခြားမြို့များမှ ဆယ်နှစ်ပွဲဈေးသည်များဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း