တပ်ကုန်းမြို့နယ်၌ တစ်နှစ်သုံးသီးစား သီးနှံစိုက်ပျိုးနိုင်ရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)မှ ပညာရှင်အဖွဲ့ ကွင်းဆင်းဆွေးနွေး

တပ်ကုန်း ဩဂုတ် ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၌ တစ်နှစ်သုံးသီးစား သီးနှံစိုက်ပျိုးနိုင်ရေး နှင့်ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပညာရှင်အဖွဲ့ နည်းပညာပေးဆွေးနွေးခြင်းကို ဩဂုတ် ၁ ရက် နံနက်ပိုင်းက ရွေးစုကျေးရွာ၊ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ (KC) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ရွေးစုကျေးရွာအုပ်စုမှ ကျေးရွာပေါင်းနှစ်ရွာနှင့် နွယ်ရစ်ကျေးရွာအုပ်စုမှ ကျေးရွာပေါင်း နှစ်ရွာမှ တောင်သူများ တက်ရောက်ခဲ့ပြီး၊ စိုက်ပျိုးရေး‌ဦးစီးဌာန (ရုံးချုပ်) သီးနှံကာကွယ်ရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာဝင်းသန်း ဦးဆောင်သည့် ပညာရှင်အဖွဲ့က တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးနှံများပန်းတိုင် အထွက်နှုန်းရရှိစေရေး အတွက် မျိုးကောင်း၊ မျိုးသန့်ရွေးချယ်စိုက်ပျိုးခြင်း၊ ရိုးပြတ်များဆွေးမြေ့ရန် ဆောင်ရွက်ရမည့် နည်းလမ်း၊ မြေဆီလွှာနှင့်ရေဓာတ်ခွဲစစ်ဆေးခြင်း၊ မြေဩဇာထည့်သွင်းခြင်းနည်းစနစ်များ၊ ပိုးမွှားရောဂါနှင့် ပေါင်းမြက်ဘက်စုံကာကွယ်နှိမ်နင်းရေးနည်းလမ်းများကို ပညာပေးဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့်တောင်သူများက တစ်နှစ်သုံးသီးစား သီးနှံစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အခက်အခဲများ တင်ပြခဲ့ကြရာ ပညာရှင်အဖွဲ့(ရုံးချုပ်)၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးစိုးနိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်းတို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်