ကျောက်ဆည် ဩဂုတ် ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ သစ်တော၊ သစ်ပင်များ၏ အကျိုးကျေးဇူးများနှင့် အနှစ်သာရများကို ဒေသခံ ပြည်သူများ သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ ပိုမိုပြုလုပ်လာစေရန် ရည်ရွယ်၍ ကျေးရွာများသို့ ကွင်းဆင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူထုအသိပညာပေး ဟောပြောပွဲများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁)နာရီက အရှေ့ရွာနန်းကျေးရွာတွင် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပြီး စွမ်းအားမြှင့်အေဝမ်းမီးဖိုများ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဘိုက စွမ်းအားမြှင့်မီးဖိုသည် ဖိုခုံနောက်ဆိုင်မီးဖိုထက် ထင်းသုံးစွဲမှု (၄၀℅) သက်သာပြီး ကျေးလက်နေ အိမ်ထောင်စု(၁)စုမှ ထင်းအစား အခြားလောင်စာဖြစ်သည့် (စိုက်ပျိုးရေးထွက်ပစ္စည်းများ) သုံးစွဲပါက တစ်နှစ်ပတ်လုံးသုံးစွဲမည့် ထင်း(၁)တန် လျော့နည်းသက်သာခြင်း၊ မြို့နေအိမ်ထောင်စု(၁)စုမှ ထင်းအစား လောင်စာတောင့် (၁၇၅၀) တုံးသုံးစွဲခြင်းဖြင့် တစ်နှစ်ပတ်လုံးသုံးစွဲမည့် ထင်း(၁)တန် လျော့နည်းသက်သာစေပြီး သစ်တောသစ်ပင်ပြုန်းတီးမှုမှ ကာကွယ်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းနှင့် သဘာဝသစ်တောများ၊ သစ်တောစိုက်ခင်းများ၊ သဘာဝတောကျန်ထိန်းသိမ်းရခြင်း အကြောင်းများ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတတ်သော အကြောင်းအရာများအား ပညာပေး ဟောပြောခဲ့ပြီး စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသနေ ပြည်သူများ ထင်းလောင်စာ၊ တိုင်၊ မျော၊ လယ်ယာသုံးကိရိယာများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဆည်၊ ကန်နှင့် မြစ်ချောင်းများ၏ ရေဝေရေလွှဲဒေသများအား စိမ်းလန်းစိုပြည်ရေး၊ ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် ရေမြေသဘာဝကောင်းမွန်ရေး အထောက်အကူဖြစ်စေရန် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ထင်းအစား အခြားလောင်စာသုံးစွဲရေးနှင့် လူထုပညာပေး ဟောပြောပွဲများကို တစ်လလျှင် (၃) ကြိမ်နှုန်းဖြင့် ကျေးရွာ(၃၆)ရွာအား နှစ်ပတ်လည် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး စွမ်းအားမြှင့် အေဝမ်းမီးဖို (၇၂၀)လုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)