မြစ်ကြီးနား သြဂုတ် ၂
ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ပြည်နယ်အတွင်း မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းသင်တန်းများနှင့် မဲပေးစက်အသုံးပြု လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် သြဂုတ် ၁ ရက်နေ့ နံနက် ၉ နာရီခွဲကလည်း မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုမည့် ဘထ္ထရီများအတွက် ဘထ္ထရီအားသွင်းစက်အသုံးပြုနည်းသင်တန်းကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးနှင့် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနများမှ သင်တန်းသား/ သင်တန်းသူ (၂၂) ဦးတို့အား မဲပေးစက်တွင် အသုံးပြုမည့် ဘထ္ထရီ၏ ဖွဲ့စည်းပုံနှင့် ဘထ္ထရီအားသွင်းစက် အသုံးပြုပုံများနှင့် စပ်လျဉ်း၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စာတွေ့အဖြစ် သင်ကြားပို့ချပေးခဲ့ပြီး မန်ခိန်ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး၌ မဲပေးစက်များမှ ဘထ္ထရီများဖြင့် လက်တွေ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။
ထို့အပြင် ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ပြည်နယ်အတွင်း မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းအား မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်း ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ သင်တန်းသား (၁၂၂)ဦးတို့အား (၁၅-၇-၂၀၂၅)ရက်နေ့ မှ (၁၆-၇-၂၀၂၅)ရက်နေ့အထိ လည်းကောင်း၊ အလားတူ မိုးညှင်းမြို့၊ မြို့တော်ခန်းမ၌လည်း သင် တန်းသား (၁၁၆) ဦးတို့ဖြင့် (၂၈-၇-၂၀၂၅)ရက်နေ့မှ (၂၉-၇-၂၀၂၅)ရက်နေ့ အထိ လည်းကောင်း ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့သည်။
ထို့အတူ ပြည်နယ်အတွင်း မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း/ အမှုထမ်းအင်အား (၂၀၁၈) ဦးတို့အား (၂၁-၇-၂၀၂၅) ရက်နေ့မှ (၂၅-၇-၂၀၂၅) ရက်နေ့အထိ အသိပညာပေးဆောင်ရွက်နိုင်ခဲ့သည့်အပြင် မြစ်ကြီးနားတက္ကသိုလ်အပါအဝင် မြို့ပေါ်ရှိ ဒီဂရီကောလိပ်များမှ ကျောင်းသား/ ကျောင်းသူ (၁၃၄၉) ဦးတို့အား (၂၈-၇-၂၀၂၅) ရက်နေ့မှ (၃၁-၇-၂၀၂၅)ရက်နေ့အထိ လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)