ပေါင် ဩဂုတ် ၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ယခုရာသီသည် မိုးရာသီဖြစ်သည့်အတွက် သဘာဝဘေးများဖြစ်သည့် ရေကြီးခြင်း၊ မြေပြိုခြင်းအပြင် မုန်းတိုင်းဘေးဖြစ်ပွားလာပါက အချိန်မီရှာဖွေကယ်ဆယ် ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန်နှင့် သဘာဝဘေးနှင့်ပတ်သက်၍ထူးခြားမှုဖြစ်လာပါက အချိန်နှင့်တပြေးညီ သတင်း ပေးပို့ကြပါရန် ဌာနဆိုင်ရာများအနေဖြင့် မိမိရုံးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြပါရန်၊ ဌာနဆိုင်ရာများအနေဖြင့် မိမိရုံးလုပ်ငန်းအပြင် ရွေးကောက်ပွဲအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာများကို ပြင်ဆင်ထားကြပါရန် ဌာနများအနေဖြင့် မိမိရုံးယူနီဖောင်းကို နေ့စဉ်ဝတ်ဆင်ကြပါရန်လိုအပ်ပါကြောင်း၊ မိမိမြို့ရွာ ဖွံ့ဖြိုးတိုးတက်စေရန် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အားကြိုးမာန်တက်ကြိုးစားပြီး ပူးပေါင်းဆောင်ရွက်ကြပါရန်ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှအဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦးက လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိလုံခြုံရေးကို ဂရုစိုက်ဆောင်ရွက်ရန် အတွင်းရေးမှူး ရဲမှူးမြင့်ဇော်ဦးက ဌာနဆိုင်ရာများအနေဖြင့် လိုင်စင်မဲ့မော်တော်ယဉ်များကို အသုံးမပြုကြပါရန်နှင့်မိမိကျန်းမာရေးနှင့် ပြည်သူများ၏ကျန်းမာရေးကို ဂရုစိုက်ကြပါရန် ပြောကြားဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်တို့က ပြန်လည်ဖြေကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)