မော်လမြိုင် သြဂုတ် ၂
မွန်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ (၁) ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်သည် ပညာရေးတွင် အစဉ်အလာကောင်းသည့် ပြည်နယ်တစ်ခု ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ်အနေဖြင့် အောင်ချက်ရာခိုင်နှုန်း (၅၇.၁၆) ဖြင့် တစ်နိုင်ငံလုံးအောင်ချက် ပထမရရှိခဲ့ပြီး ဂုဏ်ပြုထိုက်သူ ပြည်နယ်ဂုဏ်ဆောင် ကျောင်းသား/ ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်နိုင်ရေးနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီးဖြစ်ရာ သက်ဆိုင်ရာလုပ်ငန်းကော်မတီအသီးသီးမှ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေး ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန် မှာကြားလိုကြောင်း၊ မွန်ပြည်နယ်အနေဖြင့် ပညာရေးကဏ္ဍတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် “မိဘ၊ ဆရာ၊ ကျောင်းသား” ဟူသည့် သုံးဦး သုံးဖလှယ် ထိန်းသိမ်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုနှစ် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသည် ပြည်နယ်ဂုဏ်ဆောင် ကျောင်းသား/ ကျောင်းသူများ၊ ထူးချွန်ထက်မြက်အောင် သင်ကြားပေးသော ဆရာ/ ဆရာမများ၊ ဝိုင်းဝန်းပံ့ပိုးသော ပုဂ္ဂိုလ်များကို ချီးမြှင့်ပေးရသည့် အခမ်းအနားဖြစ်သဖြင့် ထိုက်ထိုက်တန်တန်ဆုချီးမြှင့်နိုင်ရေးအတွက် အားကြိုးမာန်တက် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ၊ ပြည်နယ်ဝန်ကြီးများက အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)