သထုံမြို့နယ် ကျောင်းပြင်ပအလယ်တန်းပညာရေး(NFME) အခြေစိုက်စခန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

သထုံ ဩဂုတ် ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ စီစဉ်ပြုလုပ်သည့် ကျောင်းပြင်ပအလယ်တန်းပညာရေး (NFME) အခြေစိုက်စခန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လိပ်အင်းရပ်ကွက်၊ ရွာဦး၊ သမီးတော်ကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က ကျောင်းပြင်ပပညာရေးသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသော ကလေးများအတွက် တန်းညှိပညာရေးဖြစ်ကြောင်း ပထမအကြိမ် ပညာသင်ယူခွင့် ဆုံးရှုံးခဲ့သည့် ကလေးများအတွက် ဒုတိယအကြိမ်ကြိုးစားခွင့် ဖန်တီးပေးသည့် အခွင့်အလမ်းကောင်းဖြစ် ကြောင်း၊ All For Education အဖြစ် ဆောင်ရွက်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနအပါအဝင် တာဝန်ရှိသူများနှင့် ပြည်သူအများ ပူးပေါင်းဆောင်ရွက်ပြီး ကျောင်းပြင်ပကလေးများအတွက် ဒုတိယအခွင့်အလမ်းကို ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဆွေနှင့် ကျောင်းပြင်ပ ပညာရေး ပြည်နယ်ကြီးကြပ်ရေးမှူး ဦးတင်ထွန်းတို့က ကျောင်းပြင်ပ ပညာရေးလုပ်ငန်း အခြေအနေနှင့် အခြေစိုက်စခန်း ဆောင်ရွက်မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် သထုံခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတို့က ကျောင်းသုံးပုံနှိပ် စာအုပ်(မိတ္တူ) ၁၀ စုံနှင့် ‌ဗလာစာအုပ်တို့ကိုပေးအပ်လှူဒါန်းပြီး အလှူရှင်တို့က ကျောင်းပြင်ပ အလယ်တန်းပညာရေး(NFME) အခြေစိုက်စခန်းအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် အလှူငွေစုစုပေါင်း ‌ငွေကျပ်(၈၆)သိန်းခန့် ပေးအပ်လှူဒါန်းကြရာ သထုံခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လက်ခံရယူပြီး (NFME) မြို့နယ်တာဝန်ခံ လက်‌ထောက်ညွှန်ကြား‌ရေးမှူး(ငြိမ်း) ဒေါ်ခင်စန်းဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

သထုံမြို့နယ်တွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဖွင့်လှစ်ခွင့်ရသည့် ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) အခြေစိုက်စခန်း(၄)ခုနှင့် ယနေ့ဖွင့်လှစ်သည့် ကျောင်းပြင်ပအလယ်တန်းပညာရေး (NFME) အခြေစိုက်စခန်း(၁)ခု ရှိကြောင်း ယခုဖွင့်လှစ်သည့် အခြေစိုက်စခန်းမှာ ကိုယ့်အားကိုယ်ကိုးအခြေစိုက်စခန်းဖြစ်ပြီး ပထမအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၉) ဦး တက်ရောက်နေကြကာ ဆရာ/ဆရာမ (၃) ဦးတို့ သင်ကြားပေးနေကြောင်း လိုအပ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ် ကျောင်းသုံးပစ္စည်း စသည်တို့ကို သုဓမ္မာကုန်း (သမီးတော်ကုန်း) ကျောင်းတိုက် ဆရာတော်ဦးဆောင်၍ အလှူရှင်တို့မှ လှူဒါန်းပေးနေကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)