အင်းစိန် ဩဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ တိုက်ကြီးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ကြီးမွေးမြူရေးဇုန်အနီးရှိ သနပ်ချောင်းပိတ် ရေလှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှု၊ တမံ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ရေလှောင်တမံဧရိယာနှင့်ဆက်စပ်သောနေရာတွင် ငါးမွေးကန်နှင့် ဘဲခြံများ ဆောက်လုပ်နေသည့် နေရာများအားလည်းကောင်း၊ အကွက်အမှတ် A27 ရှိ SUPER SEVEN STARS AGRI-TECH CO.,LTD ၏ခြံတွင် ဥစားကြက်အကောင်ရေ(၃၀၀၀) မွေးမြူထားရှိမှုနှင့် ခြံတိုးချဲ့တည်ဆောက်နေမှုများအားလည်းကောင်း၊ အကွက်အမှတ် A23 ရှိ ပိုင်ရှင် ဒေါ်သဲဟေမန်ဦး၏ ဘဲသားပေါက်ထုတ်လုပ်ရန်အတွက် ဘဲဥများထားရှိမည့် အအေးခန်း၊ အနွေးဓာတ်ပေး ဝပ်ကျင်းခန်း၊ ဘဲသားပေါက်ဖောက်ခန်းတို့၏ စက်များတပ်ဆင်မှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)