မိုးညှင်းမြို့၌ ငလျင်ဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

မိုးညှင်း ဩဂုတ် ၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ငလျင်ဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၉)နာရီက ခရိုင်မီးသတ်ဦးစီးမှူးရုံးအရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားရာ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များနှင့်ပတ်သက်၍ သာဓကများအနေဖြင့် အခြားသော သဘာဝမုန်တိုင်းဘေးများအပြင် ၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပွားခဲ့သော ဒေသများ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုများနှင့်အညီ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာဒေသအလိုက် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများကို ကနဦး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျဉ်အမြန်ဆောင်ရွက်နိုင်ခဲ့ကြတာကို တွေ့ရှိရပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သဘာဝဘေးငလျင်ကြောင့် အဆောက်အဦအတွင်းနှင့် အထပ်မြင့်တိုက်များတွင် ပိတ်မိနေသည့် လူနာများအား ရှာဖွေကယ်ထုတ်နိုင်ရေးလုပ်ငန်းများနှင့် လူနာတင်ယာဉ်ဖြင့် သယ်ဆောင်ခြင်းလုပ်ငန်းများဖြစ်သည့် သဏ္ဍာန်တူသရုပ်ပြသခြင်းများကို ဆောင်ရွက်ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက စိတ်ပါဝင်စားစွာ အားတက်သရော ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ခရိုင်မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ခေတ်မီရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းအမျိုးအစား(၄၀)ကျော်ကို မီးသတ်ခရိုင်ဦးစီးမှူးက ရှင်းလင်းပြသရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)