နမ့်စန်(တ) ဩဂုတ် ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းအစီအစဉ်ဖြင့် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း သင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက နမ့်လစ်ကျေးရွာအုပ်စု၊ တွံတီးကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများပေးအပ်ရာ သင်တန်းသူများက လက်ခံရယူခဲ့သည်။
ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ မြင့်မားလာစေရေးနှင့် ဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ အဆိုပါ Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ဩဂုတ်လ ၁ ရက် မှ ၇ ရက်နေ့အထိ ပထမအကြိမ်၊ ဩဂုတ်လ ၁၅ ရက်မှ ၂၁ ရက်နေ့အထိ မွမ်းမံသင်တန်းများ အဖြစ်ဖွင့်လှစ်၍ Butter Cake၊ ကွတ်ကီး၊ လျှာပေါ်ဝဲ၊ နံကထိုင်၊ ပူတင်း၊ ကျောက်ကျော၊ Plane Cake၊ သီးစုံကိတ်၊ ကိတ်ခြောက် စသည့်မုန့်အမျိုးမျိုးထုတ်လုပ်နည်းများနှင့် ဒေသထွက်သီးနှံများကို အခြေခံ၍ စားသောက်ကုန်ထုပ်လုပ်မှု နည်းပညာများအား သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ တွံတီးကျေးရွာ၊ ပုတ်ပျံကျေးရွာနှင့် လွိုင်စန့်ကျေးရွာတို့မှ သင်တန်းသူ (၁၃) ဦး တက်ရောက်သင်ကြား လျက်ရှိကြောင်း လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရာဇာထံမှ သိရသည်။
သူရအောင်(နမ့်စန်)